Pages

Pages

ကျော့ကွင်းကို သက်ဆင်းမယ့် လင်းဒငှက်တွေ


ဒီကနေ့ ဆရာတော်တစ်ပါးကို ဖူးတွေ့ခွင့်ရတယ်။ အိန္ဒိယနိုင်ငံက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ ကြွခဲ့တဲ့ ဆရာတော်တစ်ပါးရဲ့ အတွေ့အကြုံကို ပြန်လည် မိန့်ကြားတယ်။ ဆရာတော်က ဒီကာလမှ ခရီးမထွက်ဘူး။ အိန္ဒိယက ဒကာ၊ ဒကာမတွေက တခုတ်တရ ပင့်ဖိတ်တဲ့အခါကြတော့ အသေအချာစီစဉ်ပြီး သွားခဲ့တယ်။ အဲဒီမှာ ဒကာမတစ်ယောက်က သူတို့မှာ အလှူအတန်း လုပ်တဲ့အခါ သူလှူရင်လည်း ကိုယ်ပါ၊ ကိုယ်လှူရင်လည်း သူပါ။ အဲဒီလို အဖွဲ့လေး ရှိတယ်။ အခု ဆရာတော်ကြွလာမယ်ဆိုတော့ အဲဒီလိုပဲ ကိုယ်နဲ့ အတူလှူခဲ့ကြဖူးသူတွေကို အသိပေးတာပေါ့။ အလှူငွေ ထည့်ဝင်ကြအုံးမလား။ အလှူငွေထည့်မယ့် သူတွေက ဆရာတော်ဓာတ်ပုံပြပါအုံးဆိုလို့ ပြလိုက်တော့ "သီတဂူတို့နဲ့ တဖွဲ့တည်း။ အလှူငွေ မထည့်တော့ဘူး"လို့ ပြောတယ်တဲ့။

ဆရာတော်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး မြတ်စွာဘုရားဟောကြားထားတဲ့ ဇာတ်တော်တစ်ခုနဲ့ သာဓက ပြုတယ်။ လင်းဒငှက်ဟာ အမြင်အာရုံအလွန်စူးရှတယ်။ ၈ယူဇနာက သေကောင်ပုပ်ကိုပင် မြင်နိုင်တယ်။ သိန်းငှက်တို့ စွန်ရဲတို့ထက် ပိုပြီးတော့ အမြင်အာရုံကောင်းတယ်။ အဲဒီလို အမြင်အာရုံကောင်းတဲ့ လင်းဒငှက်ဟာ တစ်နေ့တော့ သင်္ဂြိုင်းမှာ မုဆိုးထောင်ထားတဲ့ ကျော့ကွင်းမှာ မိတယ်။ မုဆိုးက အံ့သြသွားတယ်။ ဒီလောက်အမြင်အာရုံစူးရှတဲ့ ငှက်ဟာ ကျော့ကွင်းမှာ ဘာကြောင့်လာမိရသလဲ။ မဂဓဘာသာနဲ့ လင်းဒငှက်ကို မေးတယ်။ ဒီကျော့ကွင်းကို မမြင်ဘူးလားပေါ့။ အဲဒီမှာ လင်းဒငှက် အဖြေပေးတာက သတ္တဝါတွေမှာ ပျက်စီးဖို့ အကြောင်းကံပါလာရင် ကိုယ့်ခြေထောက်အောက်က ကျော့ကွင်းကိုတောင် မြင်နိုင်စွမ်းမရှိတော့ဘူး တဲ့။

အိန္ဒိယနိုင်ငံကို ကြွရောက်ခဲ့တဲ့ ဆရာတော်ဟာ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တစ်ပါးဖြစ်ပါတယ်။ အဲဒီလို ဆရာတော် တစ်ပါးအပေါ်မှာတောင် မလိုမုန်းထားစိတ်တွေ ကိန်းအောင်းသွားသည်အထိ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်မှုတွေနဲ့ မှိုင်းတိုက်ခဲ့ကြသူတွေရဲ့ ထိရောက်တဲ့ အဖျက်စွမ်းအားကို သတိပြုမိကြပါလိမ့်မယ်။

ဆရာတော် မိန့်ကြားတဲ့အပေါ် စာရေးသူ သုံးသပ်မိတာကတော့ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ လုပ်ကြံဖန်တီး ဝါဒဖြန့်ရာမှာ သိပ်ကိုထိရောက်တယ်။ တိုင်းတပါးကနေ ကိုယ့်ဗုဒ္ဓဘာသာအတွက် ထောက်ပံ့လှူဒါန်းနေသူတွေကိုတောင် လှူဒါန်းလိုမှု မရှိတော့အောင် အထိကို လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်နိုင်တယ်လို့ပဲ သုံးသပ်မိပါတယ်။

ကျွန်တော်တို့တွေအနေနဲ့ နေ့စဉ်နီးပါးဆိုသလို ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြတဲ့ PDF တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ထောက်ပြဝေဖန် ပြောဆိုခဲ့ကြတယ်။ ဒီမိုကရေစီကို လိုလားပါတယ်လို့ ပြောပြီး ဒီမိုကရေစီစံနှုန်းတွေကို အလေးမထားဘူး။ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်နေတယ်။ လူ့အခွင့်အရေးလို့ အသံကောင်းဟစ်ပြီး လူ့အခွင့်အရေးကို အလွန်အကြူး ချိုးဖောက်နေကြတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြစ်ကြတယ်။ အဲဒါကို မရှက် မကြောက် တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး ပြောနေကြသေးတယ်။

CRPH, NUG, PDF တို့ကို နိုင်ငံတော်က ဘာကြောင့် အကြမ်းဖက်လို့ ကြေညာရတာလဲဆိုတာကို အများပြည်သူအနေနဲ့ စဉ်းစားသုံးသပ်မိစေချင်တယ်။ တပ်မတော်ကို မကျေနပ်လို့ တော်လှန်၊ တပ်မတော်သားတွေကို တိုက်ခိုက်နေစေအုံးတော့ အကြမ်းဖက်လို့ မကြေညာသေးဘူး။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေ စုဖွဲ့ထားတဲ့ CRPH, NUG အဖွဲ့ဝင် နိုင်ငံရေးလုပ်စားသူတွေဟာ တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့သာ လှုံ့ဆော်ခြင်းမျိုးမဟုတ်ဘဲ စာသင်ကျောင်းတွေကို ဖျက်ဆီးတယ်။ ပညာရေးကို ဖျက်ဆီးတယ်။ အပြစ်မဲ့ ရဟန်းရှင်လူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်လာတဲ့အတွက်ကြောင့်သာ သူတို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ရခြင်းဖြစ်တယ်။

နစက အစိုးရအနေနဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားတဲ့ CRPH, NUG တို့ရဲ့ လက်ဝေခံ PDF ကို ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်ဆိုတာ မရှိသေးပါဘူး။ PDF နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ EAO တချို့က အလွန်အမင်း ဆိုးသွမ်းတဲ့ လုပ်ရပ်တွေ လုပ်လာတော့မှသာ တခါတလေ ရှင်းလင်းတဲ့ သဘောမျိုး ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စခန်းတည်နေရာ၊ အကြမ်းဖက်သမား ဘယ်သူဘယ်ဝါ ဆိုတာကအစ သတင်းပေးပို့မှုတွေ ရှိပါတယ်။ တကယ် မရှင်းပါဘူး။ တကယ်ရှင်းရင် ယနေ့တိုင်အောင်လည်း PDF ဆိုတာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ 

နစကအစိုးရအနေနဲ့ ကိုယ့်တိုင်းရင်းသားပြည်သူများဖြစ်နေတဲ့အတွက်ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပြီး ကြိုဆိုနေခဲ့ပါတယ်။

သို့သော် အထက်မှာ ဖော်ပြခဲ့တဲ့ ဇာတ်တော်ထဲက လင်းဒငှက်လိုပါပဲ။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်တွေကို ဒီအချိန်မှာ ဘယ်သူက တရားပြလို့မှ မရတော့ပါဘူး။ မေတ္တာတရား ကြီးမားလွန်းတဲ့ သီတဂူဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးအပေါ်မှာတောင် ပစ်မှား စော်ကားနေကြတဲ့ သူတွေကို ဘယ်သူက တရားပြလို့ ရနိုင်မှာလဲ။ 

နစကအစိုးရအနေနဲ့ ကိုယ့်တိုင်းရင်းသား ပြည်သူတွေ အသိမှန် အမြင်မှန်ရအောင် ဘယ်လောက်ပင် ပြောနေနေ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ ဘယ်လိုပင် တံခါးဖွင့်ထားပါစေ ဆင်ကန်းတောတိုး မိုက်မဲနေမယ့် သဘောကိုသာ PDF အကြမ်းဖက်သမားများက ပြဆိုနေပါတယ်။ သူတို့အနေနဲ့ တပ်မတော်ကို ရင်ဆိုင်ယှဉ်ပြိုင်ပြီးတော့ တော်လှန်မှာတော့ မဟုတ်ပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ်မှာ လက်နက်ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျ စော်ကား လုယက် ဓားပြတိုက် သတ်ဖြတ်တဲ့ အမှုတွေကိုသာ ကျူးလွန်နေကြမှာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ PDF အပေါ် ထားတဲ့ မေတ္တာတရားကို ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေအပေါ် ပေါင်းထည့်ပေးနိုင်မယ်ဆိုရင်ဖြင့် လင်းဒငှက်ကို မုဆိုးက ကျော့ကွင်းဆင်ပြီး ဖမ်းဆီးခဲ့သလိုပဲ ဆင်ခြင်တုံတရားကင်းမဲ့ လွန်းတဲ့ PDF နဲ့ ပူးပေါင်းအဖွဲ့တွေကို အမြန်ဆုံး သုတ်သင်ရှင်းလင်းမှာ ဖြစ်ပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေရဲ့ ဆိုးသွမ်းယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ အလေးထားလုပ်ဆောင်ဖို့ရာ ပျက်ကွက်နေသ၍တော့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၆၀၀၀)ကျော် သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သောင်းနဲ့ချီပြီ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ဆိုက်ရောက်လာမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment