သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ်တည်ဆောက်ရေးလုပ်ငန်းများ ဇွန်လ၌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ်တည်ဆောက်ရေးလုပ်ငန်းများ ဇွန်လ၌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည်




MNP ၊ ဧပြီ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Broad Vision Consultants ကုမ္ပဏီနှင့် China Yunnan Sunny Road & Bridge Construction ကုမ္ပဏီလီမိတက် တို့က တည်ဆောက်လျက်ရှိသော သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဇွန်လတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ် ချင်းထိစပ်နေသော အိမ်နီးချင်း နိုင်ငံဖြစ်ပြီး လားရှိုး-သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းမကြီး တစ်ခု ဖြစ်သည်။


တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသများနှင့် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် အခြားဒေသများကိုပါဆက်သွယ်ပေးသည့် အဆိုပါနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းမကြီးသည် လက်ရှိကွမ်းလုံ ကြိုးတံတားဟောင်းမှတစ်ဆင့် သံလွင်မြစ်ကိုဖြတ်ကူးရသဖြင့် ကွမ်းလုံ ကြိုးတံတားသည်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်တွင် အလွန်အရေးပါလှပေ သည်။ ကွမ်းလုံကြိုးတံတား ဟောင်းကို ကွမ်းလုံမြို့အနီးတွင် ၁၉၆၄ ခုနှစ်က တည်ဆောက် ခဲ့ခြင်းကြောင့် သက်တမ်းအား ဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာမြင့် ခဲ့ပြီဖြစ်သည်။


ယခုအခါ ကွမ်းလုံတံတား ဟောင်း၏ခံနိုင်ရည်အား ကျဆင်းလာပြီဖြစ်၍ နှစ်နိုင်ငံအစိုးရများကြား သဘောတူညီမှု များ ရယူပြီးနောက် ၂၀၁၉ ခုနှစ် မေလပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ပြီး တံတားလုပ်ငန်းနှင့် ချဉ်းကပ် လမ်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကွမ်းလုံ တံတားသစ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ယွမ်ငွေ သန်းပေါင်း ၁၄၀ အကုန်ကျခံကာတည်ဆောက်ပေးလျက်ရှိနေကြောင်း သိရသည်။


သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား၏ စုစုပေါင်းတံတား အရှည် ၂၈၆ မီတာရှိပြီး ယာဉ် သွားလမ်းအကျယ် ၉မီတာရှိသော နှစ်လမ်းသွားတံတားအမျိုးအစား ဖြစ်သည်။ လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၁ ဒသမ ၅ မီတာစီပါဝင်မည်ဖြစ်၍ တံတားခံနိုင်ဝန် မှာ တန် ၆၀ ဖြစ်ကြောင်းသိရသည်။ ကွမ်းလုံဘက်ကမ်း ချဉ်းကပ်လမ်းအရှည် ၃ ဒသမ ၉၈ ကီလိုမီတာနှင့် သိန္နီဘက်ကမ်းချဉ်းကပ်လမ်း အရှည် သုည ဒသမ ၃၃ ကီလိုမီတာရှိပြီး လမ်းနှင့်တံတား စုစုပေါင်းအရှည် ၄ ဒသမ ၅၉ ကီလိုမီတာ ရှိကြောင်း သိရသည်။


တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းများနှင့် တံတားကိုယ်ထည် တိုင်လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။


တံတား၏ PC Box Girder များကို အပိုင်းလိုက်ဆောင်ရွက် ခြင်းလုပ်ငန်းတွင် ကွမ်းလုံဘက်ကမ်းနှင့် သိန္နီဘက်ကမ်းတို့ နှစ်ဖက် ဆက်သွားသောကြောင့်နှစ်နိုင်ငံ တာဝန်ရှိသူများအကြား တံတားဆက်ခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က အောင်မြင်စွာကျင်းပဆောင်ရွက် နိုင်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ် လင်ချန်း မြို့ ပြည်သူ့အစိုးရ ဒုတိယအတွင်း ရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ကြပြီး မြန်မာ နိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနကိုယ်စား တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)နှင့် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူ များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။


ယနေ့အထိ တံတားလုပ်ငန်းသီးသန့်တည်ဆောက်ရေးအပိုင်း ၉၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး နေပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ရာဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်လုပ်ငန်းများကို ၂၀၂၃ခုနှစ် ဇွန်လပိုင်းအတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


သံလွင် (ကွမ်းလုံ) တံတား သစ်ကြီး တည်ဆောက်ပြီးစီး ပါက လားရှိုး - သိန္နီ-ကွမ်းလုံ - ချင်းရွှေဟော်လမ်းသည် တရုတ်- မြန်မာနှစ်နိုင်ငံအတွက် ကုန်သွယ် မှု အဓိကထွက်ပေါက် ဖြစ်လာမည် ဖြစ်ရာ မြန်မာနိုင်ငံဘက်ခြမ်းမှ ကြံ၊ ပဲ၊ ပြောင်းနှင့် နှမ်းအပါအဝင် အခြား လယ်ယာထွက်ကုန် ပစ္စည်းများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဘက်ခြမ်းသို့ ပိုမိုတင်ပို့နိုင် မည်ဖြစ်၍ နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည် ဖြစ်သောကြောင့် တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက် လာမည်ဖြစ်ကြောင်း၊ အရှည်ပေ ၄၀ ရှိသော တန် ၄၀ အထက်တင်နိုင်သည့် ကွန်တိန်နာယာဉ်ကြီးများဖြင့် ကုန်စည်သယ်ယူပို့ဆောင် ကူးသန်းသွားလာနိုင် တော့မည်ဖြစ်ရာ နှစ်နိုင်ငံ နယ်စပ် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့ မြန်ဆန်လာမည် ဖြစ်သောကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများ၏ စီးပွားရေး၊ လူမှုရေးတို့ ပိုမို တိုးတက် မြင့်မားလာတော့မည် ဖြစ်ကြောင်း သိရသည်။


သတင်း - ပွင့်သစ္စာ

ဓာတ်ပုံ - စိုးမြင့်အောင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)