Pages

Pages

ညောင်ရွှေမြို့၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ပြုလုပ်



MNP ၊  ဧပြီ ၁၈

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ နှစ်သစ်အခါသမယတွင် သက်ကြီးရွယ်အို ဘိုးဘွားမိဘများအား ပူဇော်ကန်တော့ခြင်းကို အစဉ်အလာမပျက် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် အပူဇော်ခံကြွရောက်လာကြသည့် ဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရှိခိုးကန်တော့၍ လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးက ကန်တော့ချိုးနှင့် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသည်။


ညောင်ရွှေမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၆၇)ဦးရှိပြီး ပူဇော်ပွဲအခမ်းအနား တက်ရောက်နိုင်ခြင်းမရှိကြသည့် အဘိုးအဘွားများအား ကန်တော့လက်ဆောင် ပစ္စည်းများကို နေအိမ်အရောက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းအယ်ဘဲ

 https://t.me/MyanmarNationalPost




No comments:

Post a Comment