Pages

Pages

နောက်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ပြီး အနိုင်ရလဒ် ရရှိအောင် ကစားသမား၊ နည်းပြအဖွဲ့တွေနဲ့ အတူတူ ကြိုးစားသွားပါမယ် ဟု အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၏ နည်းပြချုပ် ပြောကြား




MNP ၊ မေ ၉

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနှင့်  မလေးရှား လက်ရွေးစင် အမျိုးသမီး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၅-၁ ဂိုးဖြင့်အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။ 

အုပ်စု(က)တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင် ၊ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်များအားလုံးယှဉ်ပြိုင်ပြီးချိန်တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့ ရမှတ် (၆)မှတ်စီ တူညီခဲ့ကြပြီး ဂိုးကွာခြားချက်အရ ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် +၄ ဖြင့် အုပ်စု ပထမ၊ မြန်မာအသင်းက ဂိုးကွာခြားချက် +၃ ဖြင့် အုပ်စု ဒုတိယ နေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်အသင်းက ဂိုးကွာခြားချက် +၁ ဖြင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။ 


"ဒီနေ့ပွဲစဉ်နဲ့ မြန်မာအမျိုးသမီး အသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကိုခက်ခဲတဲ့ အုပ်စုပွဲစဉ်တွေ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေ အကောင်းဆုံး ကျော်ဖြတ်ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ နောက်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ပြီး အနိုင်ရလဒ် ရရှိအောင် ကစားသမား၊ နည်းပြအဖွဲ့တွေနဲ့ အတူတူ ကြိုးစားသွားပါမယ်။ ဒီနိုင်ပွဲရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပွဲအပြီးတွင် နည်းပြချုပ် Uki Tetsuro ကပြောကြားခဲ့သည်။ 


ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အုပ်စု (က) ပထမရရှိသည့် ဗီယက်နမ်အသင်းနှင့် အုပ်စု(ခ) ဒုတိယရရှိသည့်အသင်း၊ အုပ်စု (ခ) ပထမရရှိသည့် အသင်းနှင့် အုပ်စု (က) ဒုတိယရရှိသည့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်များကို National Stadium နှင့် Army Stadium တို့တွင် မေလ ၁၂ ရက်  ည ၇ နာရီအချိန် တပြိုင်နက်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment