ဦးတင့်ရေ အမျှ
ဦးတင့် ...
ဘယ်ဟာကအဖြူ .. ဘယ်ဟာကအမဲ
ကျွန်တော် မခွဲရဲတော့ဘူး ။
ဓမ္မနဲ့ အဓမ္မ
အလှက ဘယ်ဆီမှာလဲ
ကျွန်တော် မသဲကွဲတော့ဘူး ။
ဦးတင့် သိလား
အမှားနဲ့အမှန် .. အဓိပ္ပါယ်ဖန်ပြနေဖို့
ဒီနိုင်ငံဟာ မတန်တော့ဘူး ။
အမျိုးကို ချစ်တတ်အောင်
ဘာသာဆို မပစ်တတ်အောင်
သာသနာကို အနှစ်ဖက်အောင်
ကျွန်တော်တို့ ကြံဆောင်ခဲ့တာ
ဘဝတွေ အမှောင်ဖုံး
လူညွန့်သာ တုံးခဲ့တယ်ပေါ့ ။
ဦးတင့်ရေ ...
ယုံကြည်ရာ အတွက်
ထွက်သက်တိုင် ပေးဆပ်နိုင်ခဲ့သူမို့
( ဦးတင့် အတွက်)
ကျွန်တော် ရင်မနင့်ပါဘူး ။
ဒါပေမယ့် ရင်တော့အင့်သွားပြီ ။
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ၊
ဓမ္မဆိုတဲ့ စကား
လူ့မိစ္ဆာတွေဆီက ကြားနေသရွေ့၊
သစ္စာဆိုတဲ့ အသုံးနှုန်း
ကိုယ်ကျိုးသုံးသူတွေ ရှိနေသရွေ့၊
အမျိုးသားရေး ဆို
ကျွန်တော် ... မလုပ်တော့ဘူး ။
ဦးလေးရေ ...
ကျွန်တော်တို့အတွက်ကိုတော့ စိတ်သာချ ၊
အမျိုးသားရေး ညီအကိုမောင်နှမတွေ
( ဦးလေးချစ်တဲ့ ရဲဘော်ရဲဘက်တွေ..ဦးလေးရဲ့ ညီတွေ .. ဦးလေးရဲ့ညီမတွေ)
ဦးလေးရဲ့ ဆရာအရှင်ရဟန်းသံဃာတွေ
ဦးလေးရှိတုန်းကလို အရေးကြီးသွေးနီးလျက်၊
တွဲလက်တွေ မြဲလျက် ။
ဒါကြောင့် ..
ဦးလေးအတွက်သာ ရည်မျှော်
သာဓုခေါ်စေဖို့ ၊
ကောင်းမှုအစုစုနဲ့ တောင်းဆုပြုပါတယ် ။
ဦးတင့်ရေ ...
အမျှ.. အမျှ..အမျှ။ ။
ရန်ငြိမ်းကျော်(သုံးဆယ်)
#MyanmarNationalPost
No comments:
Post a Comment