နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပန ပူဇာသဘင်အတွက် အလှူငွေများဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပန ပူဇာသဘင်အတွက် အလှူငွေများဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်



MNP ၊ ဇွန် ၄

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင် အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပန ပူဇာသဘင်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ် မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်(၉၄)ပါး ကြွရောက်ချီးမြင့်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော် ကြည်ညိုကြသော ဧည့်ပရိသတ်များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာသူများသည် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။ ယင်းနောက် ဆရာတော်ကြီးများ ဦးဆောင်ပြီး တိုင်းမှူးနှင့် တက်ရောက်လာသူများက အနိစ္စာဝတသင်္ခါရာစသော သံဝေဂ(၃)ဂါထာကို ရွတ်ဆိုပွားများကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက ကြွရောက်လာသော ဆရာတော် သံဃာတော်များအား အလှူငွေများနှင့် လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဌာဘိဝံသ ဆရာတော် ဘုရားကြီးထံမှ သံဝေဂကထာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက သဗ္ဗေသင်္ခါရာအနိစ္စာ(၃)ဂါထာကို ရွတ်ဆိုပွားများကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ ပြီးနောက် တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။


ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမဈာပနပူဇာသဘင် အခမ်းအနား ဆောင်ရွက်နေမှုအခြေအနေ၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ပင့်ဆောင်မည့် လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ထားရှိမှုအခြေအနေ၊  ဥတုဇရုပ် ကလာပ်တော်အား တေဇောဓာတ်မီးပူဇော်မည့် အခမ်းအနားနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ လောင်တိုက် ပြသာဒ် တည်ဆောက်နေမှုအခြေအနေနှင့် သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇာသဘင် ကျင်းပမည့်နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)