Pages

Pages

တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု လုပ်ငန်း ဆောင်ရွက်




MNP ၊ ဇူလိုင် ၁၉

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၂ ဦးအား လည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာ ဦးပြည့်ဖြိုးဇော် နှင့် ညီမဖြစ်သူ အသည်းအလှူရှင် ဒေါ်သွယ်နီကို တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော အသည်းကို ညနေ ၄ နာရီခွဲခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့် ခဲ့ပါသည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံ လူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment