MNP ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူများ၏ စာရင်းလိုအပ်ချက်ကို စနစ်တကျ ပြန်လည်လုပ်ဆောင်သွားရမည့် အချက်များအား ဆောင်ရွက်ကြရန်၊ နိုင်ငံသားအဖြစ်မှ ရပ်စဲ၊ ရုပ်သိမ်း၊ပယ်ဖျက်သူများ၊သေဆုံးသူများနှင့် ယာယီနံပါတ်တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများအား မဲစာရင်းပြုစုရာတွင် မပါရှိစေရေး ဆောင်ရွက်သွားကြရန်၊ ခရိုင်/မြို့နယ်/မြို့/ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာစာရင်းများ ပြုစုရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နောက်ဆုံးထုတ်ပြန်ထားသည့် ဖွဲ့စည်းပုံအတိုင်း ပြန်လည် ပြင်ဆင် ပြုစုထားရှိကြရန်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဂွမြို့နယ်အတွင်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှာ မြေပြင်အမှန်တကယ်ရှိပြီး တရားဝင်အမည်ပေါက် ဆောင်ရွက်ရခြင်း မရှိသေးသည့် ရပ်ကွက်/ကျေးရွာ အုပ်စု ကျေးရွာများနှင့် တရားဝင်အမည်ပေါက်သော်လည်း မြေပြင်အမှန်တကယ်မရှိသည့် ကျေးရွာများစာရင်းကို ဇူလိုင် ၃၀ရက်နေ့အရောက် ပြန်လည်ပြုစု တင်ပြပေးကြစေလိုကြောင်း၊ အမျိုးသား မှတ်ပုံတင် သက်သေခံကတ်ပြား ကိုင်ဆောင်သူများအား ဥပဒေအရ ကိုင်ဆောင်လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း၊ စာရင်းဇယားများမှန်ကန်နိုင်ရေးအတွက်လည်း ဌာနများမှ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ယခင်နှစ်များကဲ့သို့ သံဃာတော်(၅)ပါး ပင့်ဖိတ်ပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းသွားနိုင်ရေးအတွက်ဌာနများမှ ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပိုမိုတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment