တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံအတွက် စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံအတွက် စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား



MNP ၊ ဇူလိုင် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၁၀-၇-၂၀၂၃ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံအတွက် စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်တပ်နယ်နှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားရာတွင် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့ကြောင်း၊ မေ ၁၅ ရက်တွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်သို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကို ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အခြားသော တပ်နယ်များသို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အခြားသော တပ်မတော်အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်၍ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှု စစ်ဆေးစေခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက် နိုင်ရေး လိုအပ်သည်များကို စီမံခန့်ခွဲဆောင်ရွက်စေခဲ့ကြောင်း၊ ရသေ့တောင်တပ်နယ်သည် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် မုန်တိုင်းဒဏ်ကို များစွာခံခဲ့ရပြီး အပျက်အစီးများစွာရှိခဲ့ကြောင်း၊ ပျက်စီးမှုများအလိုက် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိ တို့ မိသားစုအလိုက်လည်း ပြင်ဆင်နိုင်သည်မှန်သမျှကို ပြင်ဆင်ထားရှိရန်လိုကြောင်း၊ မိုး တွင်းကာလဖြစ်သဖြင့် လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ရေး ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်တပ်နယ် အနေဖြင့် ထိခိုက်မှု အနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန်တွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အသေအပျောက်အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံ အတွက် စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်ကာလအတွင်း ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများရှိ ကြောင်း၊ ထိုသို့နိုင်ငံရေး အခက်အခဲများ ကြုံတွေ့နေရချိန်၌ မိုခါမုန်တိုင်းကျရောက်ခဲ့ခြင်း ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိနိုင် ကြောင်း။

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှိသမျှအင်အားဖြင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းသင့်ဒေသအတွက် စေတနာရှင်ပြည်သူ များကလည်း အလှူငွေများကို သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း၊ ပြည်ပနိုင်ငံအချို့မှလည်း ကူညီဆောင်ရွက်ပေးမှုများရှိကြောင်း၊ တိုင်းပြည်၏အားသည်ပြည်တွင်း၌သာရှိသည်ဆိုသည့် အတိုင်း ပြည်တွင်းအားကို အဓိကထား၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက် ခဲ့ခြင်း ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ချိန်တွင် ဒေသအလိုက် တပ်များတွင်လည်း ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင်လည်း ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် စိတ်ဓာတ်ရေးရာအရ ကြံ့ကြံ့ခံ၍ နေထိုင် ဆောင်ရွက်ကြစေလိုကြောင်း၊

တပ်မတော်သားတိုင်းအနေဖြင့်  မိမိကိုယ်ကို၊ မိမိဒေသ၊ မိမိတိုင်းပြည်ကို ကာကွယ်နိုင်ရေး စစ်အတတ်ပညာများကို တတ်မြောက်ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် နေရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုနှင့် စားသောက်မှု များရှိရမည်ဖြစ်ကြောင်း၊ အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်သောက်သုံးခြင်းတို့ နှင့် ပတ်သက်၍လည်း တစ်ဦးချင်း ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် မိမိကိုယ်ကို အလိုမလိုက်ရန်နှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရန်လိုကြောင်း။

ဒေသခံပြည်သူများသည် မိမိတို့၏ တိုင်းရင်းသားများဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းအတူရှူနေကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးဆောင်ဖြင့် နေထိုင်သွားမည်ဆိုပါက ဒေသတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တပ်တွင်းတပ်ပြင် စည်းလုံး ညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု သဘာဝဘေးဒဏ်ကျ ရောက်ခဲ့ချိန်တွင်လည်း အစိုးရ၊ တပ်မတော်တို့ ပူးပေါင်း၍ ဒေသ၏ အကျိုးစီးပွားများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက ဒေသတစ်ခုချင်းမှအစပြု၍ နိုင်ငံတော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းဖြင့်မှာကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)