ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်


MNP ၊ ဇူလိုင် ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ရန် ၁၀-၇-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက Yekaterinburg မြို့သို့ ရောက်ရှိသည်။

ပြည်ထောင်စု ဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် Yekaterin-burg မြို့၌ ကျင်းပသည့် (၁၃)ကြိမ် မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဘီလာရုဇ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာဂျစ်စတန်၊ ဥဇဘတ်ကစ်စတန်၊ တာဂျစ်ကစ်စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုဇ်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ဝန်ကြီးချုပ်များက အမှာစကားပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Panel Discussion သို့ တက်ရောက်ပြီး Moderator က မေးမြန်းသည့် Building Economic Relations and Protecting your Own Manufacturer နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသားများ၏ သက်သာချောင်ချိရေးအတွက် ဦးတည်ကာ ပြည်တွင်း ထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲရန် လုံလောက်သည့်အပြင် ပိုလျှံလာပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုများ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာဝသယံဇာတပေါကြွယ်မှု၊ အထူးအားဖြင့် သံရိုင်းများ ထုတ်ယူ နိုင်မှုအခြေအနေ တူညီမှုများစွာရှိကြောင်း၊ ထို့ကြောင့် သံမဏိထုတ်လုပ်ရေးသည်လည်း အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံက လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ သံမဏိစက်ရုံစီမံကိန်းတည် ဆောက်မှုလုပ်ငန်းများပြီးမြောက်၍ စတင်လည်ပတ်နိုင်ပါက ပြည်တွင်း သံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှသံမဏိတင်သွင်းမှုများ လျှော့ချ နိုင်မည်ဖြစ်ကြောင်း။

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ခန့်မှစတင်၍ မြန်မာလူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များတွင် အင်ဂျင်နီယာဘာသာရပ်များ၊ လေကြောင်း၊ ရေကြောင်း အင်ဂျင်နီယာဘာသာ ရပ်များနှင့် အခြားသောဘာသာရပ်များစွာတို့ကို သင်ယူတတ်မြောက်စေရန် ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါကြောင်း၊ အဆိုပါ လူငယ်များသည် ယခုအချိန်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ စွမ်းရည်ပြည့်ဝစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြပြီး နိုင်ငံ၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလျက်ရှိကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးဆိုင်ရာ အကူအညီ ဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ချပေးနိုင်ခဲ့သည်ဟု ပြောကြားလို ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း စဉ်ဆက်မပြတ်တိုးတက်နေသော စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ရေးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းရှိ အခြေအနေများသာမကဘဲ ပြည်ပအခြေအနေများ၏ လွှမ်းမိုးမှု များစွာရှိသည်ကိုလည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် မြန်မာနိုင်ငံအတွက်လည်း အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Sverdlovsk Region Governor က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Denis Manturov ၊ နိုင်ငံတကာမှဝန်ကြီးများ၊ သံတမန်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)