လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစကအစိုးရက ဆုကြေးငွေကျပ် ၅၆၇ သိန်း နှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစကအစိုးရက ဆုကြေးငွေကျပ် ၅၆၇ သိန်း နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊  ဩဂုတ်   ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို  ယနေ့ တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ ခန်းမများ၌ အသီးသီးပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေး မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင်ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူ များအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)