Pages

Pages

၂၀ ကြိမ်မြောက် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံတွင် မြန်မာနိုင်ငံ ကော်ဖီအသင်း ပါဝင်ပြသလျက်ရှိ





တိုကျို ၊ စက်တင်ဘာ ၂၉

၂၀ ကြိမ်မြောက် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (World Specialty Coffee Conference & Exhibition 2023) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားသို့ ပါဝင်တက်ရောက်ကာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ဥက္ကဋ္ဌ Mr. Shuji Akimoto၊ ကော်ဖီထုတ်လုပ်တင်ပို့ ရောင်းချသည့် နိုင်ငံများ၏ သံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာမှ ကော်ဖီအသင်းအဖွဲ့များနှင့် ပြပွဲတွင် ပါဝင်ပြသကြသည့် ပြည်တွင်း၊ ပြည်ပမှ ကော်ဖီထုတ် လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် ကော်ဖီနှင့် ဆက်စပ်သည့် လုပ်ငန်းများမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပြပွဲတွင် ပါဝင်ပြသလျက်ရှိသည့် မြန်မာနိုင်ငံ ကော်ဖီအသင်း (Myanmar Coffee Association) မှ အသင်းဝင် လုပ်ငန်းရှင်များ၏ ပြခန်းနှင့် မြန်မာနိုင်ငံမှ ကော်ဖီစေ့များ တင်သွင်းကာ ဂျပန်နိုင်ငံတွင် အထူးတန်းဝင် ကော်ဖီဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အောင်ကော်ဖီ၏ ပြခန်းတို့အား သံအမတ်ကြီးက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ကာ ၂၀၀၃ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါသည်။ 

ပြပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း ၄၀၀ နီးပါးက ပြခန်းများ ဖွင့်လှစ်ပြလျက် ရှိပြီး ပြပွဲသို့ နှစ်စဉ် ဧည့်သည် ၄၅,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment