Pages

Pages

ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား



MNP ၊ စက်တင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါ အရေးပေါ်အခြေအနေကာလမှာ ၂ နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့အနေနှင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်နေရသည် ဖြစ်သော်လည်း အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများ အားလုံးတိုးတက်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမှ ရပ်တန့်နေ၍မရကြောင်း၊ ရပ်တန့်နေပါက ရပ်တန့်နေသည့် နယ်ပယ်၊ ရပ်တန့်နေသည့်ဒေသသည် ကျန်ခဲ့မည်ဖြစ်ကြောင်း။


မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟု ချမှတ်ထားကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ် အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ခွဲခြား၍ရကြောင်း၊ ဖက်ဒရယ်စနစ်ကို လူမျိုးအား အခြေခံသည့်ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ အတတ်ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသား ပြည်သူအားလုံးစာတတ်မြောက်ရန်နှင့် အတန်းပညာများ တတ်မြောက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ဒေသများတွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၁၅၅၀ ကျောင်းရှိသည်ကိုတွေ့ရှိရပြီး မြို့ပေါ်တွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၃၃၁၈ ကျောင်းရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအချက်အလက်များအရ အလယ်တန်းကျောင်းများ၏ ကျေးလက်နှင့် မြို့ပြအချိုးမှာ ၈ အချိုး ၁ ရှိပြီး မူလတန်းကျောင်းများ၏ အချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေလူဦးရေမှာ ၇၂ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကျေးလက်နေပြည်သူမှာ များပြားကြောင်း။


ပညာရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ သို့သော် ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာနည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမိုများပြားသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ကျောင်းရှိသော်လည်း ကျောင်းနေရာခိုင်နှုန်းနည်းပါးခြင်းနှင့် ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားမှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းနှင့် အခြားအခက်အခဲအမျိုးမျိုးကြောင့် အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေးအားနည်းသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေး ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများကို သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် စံပြပုံစံတစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများ ရရှိခဲ့ကြောင်း၊ “အ” သုံးလုံးသင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ၎င်းကိုအခြေခံ၍ ပညာတတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပ ပညာရေးဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လက်တွေ့ဆောင်ရွက်အောင်မြင်ခဲ့သည့် သာဓကရှိကြောင်း၊ ၎င်းမှတစ်ဆင့် KG + 9 ကိုသင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့၏ ပညာရည်မြင့်မားရေး မျှော်မှန်းချက်တွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။


စည်းကမ်းသတ်မှတ်ချက်များမှတစ်ဆင့် ဥပဒေများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများအားလုံးအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားရာတွင် ပညာတတ်များဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် အဆင့်မြင့် ပညာသင်ကြားပေးသည့် တက္ကသိုလ်များတွင် ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ဥပဒေအခြေခံကို လက်တွေ့ကျကျသိရှိနိုင်ရေး BA(Law) ဘွဲ့ပေးရန်စီစဉ်ထားပြီး ဥပဒေကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးပြုမည့် သူများအတွက် LLB ဘွဲ့ကိုမူ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အနည်းဆုံး တက္ကသိုလ်တစ်ခုစီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအခြေခံပညာရပ်များကို နားလည်သိရှိသူများ များပြားလာမည်ဆိုပါက နိုင်ငံရေးနှင့်ပတ်သက်၍ အကျိုးပြုမှုများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment