Pages

Pages

ထရမ့် နှင့် ဘိုင်ဒင် ရင်ဆိုင်ရမည့် ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲ ခန့်မှန်းချက်



၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲများသည် ဒေါ်နယ်ထရမ့် နှင့် ဂျိုးဘိုင်ဒင် တို့ ရင်ဆိုင်ရဖွယ်ရှိကြောင်း လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် က နယူးယောက်မြို့ရှိ သီးသန့်ရန်ပုံငွေရှာဖွေပွဲတစ်ခုတွင် ၎င်း၏အလှူရှင်များအား ပြောကြားခဲ့ကြောင်း Bloomberg သတင်းအရ သိရသည်။

“သူက နောက်တစ်ကြိမ် ဆန်ခါတင်ဖြစ်နိုင်တယ်။ သူ့အနေနဲ့ နောက်တစ်ကြိမ် ဆန်ခါတင်ဖြစ်ဖို့ ရည်မှန်းထားပါတယ်” ဟု လာမည့် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် က ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်လောင်း ဖြစ်လာနိုင်ခြေကို ဘိုင်ဒင် က ပြောကြားခဲ့သည်။

လက်ရှိတွင် သမ္မတဟောင်းသည် အခြားပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်လျှင် သိသိသာသာ ဦးဆောင်လျက်ရှိသည်။ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းများ၏  ဖော်ပြချက်များအားဖြင့် ဒေါ်နယ်ထရမ့် သည် ၎င်း၏ အနီးကပ်ဆုံးပြိုင်ဘက် ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ထက် ၄၆ရာခိုင်နှုန်း အသာဖြင့် ဦးဆောင်နေကြောင်းဖော်ပြထားသည်။

ဂျိုးဘိုင်ဒင်သည် နယူးယောက်မြို့ရှိ ၎င်း၏ထောက်ခံသူများကို ပြောဆိုသည့် မှတ်တမ်းတစ်ခုတွင် “ဒီမိုကရေစီကို နှစ်သက်သော အမေရိကန်တိုင်းသည် ဒုတိယသက်တမ်းကို ရယူနိုင်ရန်နှင့် အမေရိကန်ဒီမိုကရေစီကို ကယ်တင်ရန်” လာမည့်ရွေးကောက်ပွဲတွင် အတူတကွ ပူးပေါင်းသင့်သည်ဟု အလေးပေးပြောကြားခဲ့သည်။

ကြားနာရန် တစ်ဦးလျှင် $7,500 အထိပေးရသည့် ရန်ပုံငွေပွဲသို့ တက်ရောက်လာသူများအား ဘိုင်ဒင် က ဒေါ်နယ်ထရမ့်ကို ရည်ညွှန်း၍ အမေရိကန်သမ္မတဟောင်း သည် နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်မှ အကြီးတန်းသတင်းထောက် Tamara Keith ၏ ပြောကြားချက်အရ သိရသည်။

"ဒေါ်နယ်ထရမ့် နဲ့ သူ့ရဲ့  MAGA (Make American Great Again) ရီပတ်ဘလီကန်တွေက အမေရိကန် ဒီမိုကရေစီကို ဖျက်စီးဖို့ လုပ်ဆောင်နေကြတယ်" ဟု ဘိုင်ဒင် က ပြောဆိုခဲ့ပြီး တစ်ဖက်တွင် ၎င်းက "ကျွန်ုပ်တို့၏ ဒီမိုကရေစီအတွက် အမြဲတမ်း ခုခံကာကွယ်ရန်နှင့် တိုက်ပွဲဝင်မည်" ဟု ပြောကြားခဲ့သည်။

မကြာသေးမီက CBS News စစ်တမ်းတစ်ခုအရ မှတ်ပုံတင်ထားသော အမေရိကန်မဲဆန္ဒရှင် ၃၄ ရာခိုင်နှုန်းကသာ ဂျိုးဘိုင်ဒင်သည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါက ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဩဂုတ်လအတွင်းက Wall Street ဂျာနယ်၏ စစ်တမ်းတစ်ခုအရ မဲဆန္ဒရှင် ၇၃ ရာခိုင်နှုန်းသည် ဘိုင်ဒင်သည် ဒုတိယသက်တမ်းအတွက် အသက်ကြီးလွန်းသည်ဟု ထင်မြင်ကြသည်။

မဲဆန္ဒရှင်များသည် အသက် ၈၀ အရွယ် သမ္မတ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ယုံကြည်မှု နည်းပါးကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့ပြီး လက်ရှိအမေရိကန်ခေါင်းဆောင်ကို “အရည်အချင်းမရှိသူ” ဟု ဒေါ်နယ်ထရမ့် မှ ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

"မနေ့က သူ့ကိုကြည့်ခဲ့တယ်၊ သူက စာကြောင်းနှစ်ကြောင်းတွဲ မပြောနိုင်ဘူး၊ သူက စကားမပြောနိုင်ဘူး" ဟု ထရမ့် က ဘိုင်ဒင်နှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ "အဲဒါက အသက်အရွယ်နဲ့ မဆိုင်ဘူး၊ အရည်အချင်းရှိတာ" ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်တမ်းအများစုတွင် ဘိုင်ဒင်နှင့် ဒေါ်နယ်ထရမ့်တို့သည် ၂၀၂၄ ရွေးကောက်ပွဲ တစ်နှစ်ကျော်လိုသေးသည့် အချိန်ကာလအတွင်း CBS စစ်တမ်းအရ ဒေါ်နယ်ထရမ့် သည် ဂျိုးဘိုင်ဒင် ကို ၅၀% - ၄၉% ဖြင့် တစ်ရာခိုင်နှုန်းအသာစီးရနေပြီး မဲဆန္ဒရှင် ၁% က မဆုံးဖြတ်ရသေးကြောင်း ပြသခဲ့သည်။


Ref - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment