Pages

Pages

နိုင်ငံတကာ Polytechnic University များအား လေ့လာဆန်းစစ်၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



ရန်ကုန် စက်တင်ဘာ ၁၇

နိုင်ငံတကာ Polytechnic University များအား ဆန်းစစ်လေ့လာ၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက နိုင်ငံတကာ Polytechnic University များအား လေ့လာဆန်းစစ်၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ခေါင်းဆောင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ရန်ကုန်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ခင်းကျင်းပြသထားသည့် နိုင်ငံတကာတွင် ဖွင့်လှစ်ထား ရှိသော Polytechnic University များအကြောင်း ဆန်းစစ်ချက်များကို ကြည့်ရှုလေ့လာကြသည်။

မြန်မာနိုင်ငံအနေဖြင့် ပညာသင်ယူမှု အခွင့်အလမ်း လက်လှမ်းမီစေရေးနှင့် လူဦးရေထူထပ်မှု လိုအပ်ချက်အရ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ထပ်မံဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် အထူးဒေသဖွံ့ဖြိုးရေး အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၄၆ ခုတို့ကို ဖွင့်လှစ်ခဲ့ပြီး ဘွဲ့လွန်နှင့် ခေတ်မီနည်းပညာဘွဲ့များ ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ကိုလည်းကောင်း၊ တိုးတက်လာသော နည်းပညာလိုအပ်ချက်အရ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် တို့ကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။

အသိပညာများ ဖြန့်ဝေပေးနိုင်သည့် တက္ကသိုလ်များ တည်ထောင်ထားသကဲ့သို့ လုပ်ငန်းခွင် ကျွမ်းကျင်မှုနှင့် ပိုမိုနှီးနှောဆက်နွှယ်သည့် ဘာသာရပ်များကို အဓိကထားသင်ကြားပေးသည့် တက္ကသိုလ်များ လိုအပ်လျက်ရှိရာ နိုင်ငံတကာတွင် တက္ကသိုလ်ပညာရေးရရှိနိုင်စေရေးအတွက် ကြိုးပမ်းနိုင်ခွင့်ပေးထားသကဲ့သို့ လုပ်ငန်းခွင်အတွေ့အကြုံရရှိ စေရေး အဓိကထားသည့် ဘက်စုံ သက်မွေးပညာတက္ကသိုလ် (Polytechnic University)များမှ တစ်ဆင့်အခွင့်အလမ်းရရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့်နိုင်ငံတကာ Polytechnic University များကို ဆန်းစစ်လေ့လာနိုင်ပြီး အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်များ ပေါ်ထွက်လာနိုင်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment