Pages

Pages

(၁၇) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ “World Rabies Day” အခမ်းအနားကျင်းပ



MNP ၊ စက်တင်ဘာ၂၈

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ကို နှစ်စဉ် စက်တင်ဘာ(၂၈)ရက်၌ ကျင်းပလျက်ရှိရာ (၁၇)ကြိမ်မြောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် Rabies: ALL FOR 1, ONE HEALTH FOR ALL, “ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသောကျန်းမာရေး” ဆောင်ပုဒ်ဖြင့် နေပြည်တော် ရုံးအမှတ်(၃၆)တွင် ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဓာတ်ခွဲခန်းတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့်  တက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ ခွေးရူးရောဂါ ထိန်းချုပ်ရေးအဖွဲ့(Global Alliance on Rabies Control)က ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ပုဒ်များသတ်မှတ်ကာ ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာများ တိုးပွားလာစေရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH)တို့ ပူးပေါင်း၍ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားပြီး မိမိတို့နိုင်ငံအတွက် ခွေးရူးရောဂါလျော့ကျသွားစေရေး ကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်ဖြစ်လာမည့် “အမျိုးသား အဆင့်ခွေးရူးရောဂါထိန်းချုပ်ရေးအစီအမံ” (“National Action Plan for Rabies Elimination in Dog”) ကို stakeholder consultation meeting (၃)ကြိမ်ကျင်းပကာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ရေးဆွဲအတည်ပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကင်းစင်သော နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ရေး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

တိရစ္ဆာန်မှတဆင့် လူကိုကူးစက်သည့် ရောဂါဖြစ်သော ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုလျော့ပါးလာစေရေး ဆောင်ရွက်ရာတွင် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကမွေးမြူရေးသမားများ၊ နိုင်ငံတကာအထောက်အပံ့ပေးသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံး ဟန်ချက်ညီညီအတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှသာ ရေရှည်တည်တံ့သည့် ထိရောက်အောင်မြင်မှုမျိုး ရရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကူးစက်မှု “သုည” ထားရှိသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်အောင်မြင်မည်ဖြစ်၍ “ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသောကျန်းမာရေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံးလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဒေသအလိုက် ခွေးရူးရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment