ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအား အချိန်နှင့် တပြေးညီ သွားရောက်ကူညီ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအား အချိန်နှင့် တပြေးညီ သွားရောက်ကူညီ ထောက်ပံ့


MNP ၊ အောက်တိုဘာ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ် လျက်ရှိသည့် ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက်၌ တာပေါင်ရေကျော်နေမှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှု များကိုကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓမ္မလင်္ကာရကျောင်းတိုက် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းနှင့် မွန်ဓမ္မာရုံကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး သဘာဝဘေးသင့် ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း။

အရေးပေါ် လိုအပ်လာနိုင်မည့် ကျန်းမာရေးကိစ္စရပ်များ၊ နောက်ဆက်တွဲ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ မြွေနှင့်ကင်းကဲ့သို့သော အဆိပ်ရှိသတ္တဝါများအန္တရာယ်မှ သတိပြုနေထိုင်ရေးနှင့် ရေဘေးရှောင်စခန်းများ၌ ခေတ္တလာရောက်သည့် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုအပ်ကြောင်းပြောကြားကာ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ၃၆ ခုမှ အိမ်ထောင်စု ၃၄၆၅ စု၊ ဘေးသင့်ပြည်သူ ၁၄၃၀၄ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၃၀၀၃၈၄၀ဝ နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ရေဘေးကွပ်ကဲရေးစခန်း ဖွင့်လှစ်ထားရှိသည့် သာသနာ့ဗိမာန်သို့ ရောက်ရှိရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပဲခူးမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု၊ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်ပေးနေမှု၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေမှု၊ စခန်းများတွင် စားရေရိက္ခာစီမံထားရှိမှု၊ ကျန်းမာရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဖိုက်ဘာစက်လှေများနှင့် အရေးပေါ်အသုံးပြုရန် ရေသန့်စင်ဆေးပြားများ ထောက်ပံ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ရှင်စောပုရပ်ကွက် အုန်းပင်လမ်းလမ်းမကြီးနှင့် မဂ္ဂတစ်လမ်းဆုံ ရေဝင်ရောက်မှုအခြေအနေနှင့် ပဲခူးမြို့ မြို့ရှောင်လမ်းနှင့် ကတွင်းချန်ရွာ ရေထွက်ပေါက်မှ ရေလွှဲထုတ်နိုင်မည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)