Pages

Pages

နတ်တလင်းမြို့၌ (၆၃) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနား ကျင်းပ



MNP ၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၆၃) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များက အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး၊ တံခွန်တိုင်(အရှေ့ကျောင်း)ဆရာတော် ဘဒ္ဒန္တဣန္ဒကမှ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ ထည့်ဝင်လှူဒါန်းငွေစာရင်းအား ဖတ်ကြားရှင်းလင်းခြင်း၊ ရသုံးငွေစာရင်းအား ဘဒ္ဒန္တဇဋိလမှ ရှင်းလင်းဖတ်ကြားခြင်း၊ ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသည့် ပရိတ်သတ်များမှ သြကာဿကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၊ မင်းစုသရက်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် အပူဇော်ခံဆရာတော်ကြီး(၁၃)ပါးအား တစ်ပါးလျှင် ဆရာတော်များမှ (၂၁၀၀၀၀) ကျပ်နှင့် သကျမဟာ မြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များမှ အပူဇော်ခံဆရာတော်တစ်ပါးလျှင် (၅၀၀၀၀) ကျပ်တို့အား အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးက လှူဒါန်းမှုအစုစုတို့အတွက် ရေဆက်သွန်းချတရားဟောကြားပြီး အခမ်းအနားအား ဗုဒ္ဓသါသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး၊ ဗုဒ္ဓမြတ်စွာသာသနံ ရောင်ဝါနေထက်လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment