Pages

Pages

EV ပညာရှင်များ မွေးထုတ်ဆောင်ရွက်


MNP ၊ နိုဝင်ဘာ ၁၃

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ၁၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ လျှပ်စစ်သုံးယာဉ် (Electric Vehicle-EV) သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက်က အဆိုပါသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းထားမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များအရ ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရန်၊ လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင် ထုတ်လွှတ်မှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရန်နှင့် ပြည်သူများ၏ ကောင်းမွန်သော ကျန်းမာရေးအတွက် လေထုလွှာညစ်ညမ်းမှုလျှော့ချနိုင်စေရန်၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရင်ပေါင်တန်းကာ ပြည်သူများလျှပ်စစ်သုံးယာဉ်များ အဆင်ပြေပြေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်သည့် သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။

ဒုတိယဝန်ကြီးသည် တစ်ချပ်လျှင် 550 ကီလိုဝပ် လျှပ်စစ်စွမ်းအားနှုန်းရှိသော ဆိုလာမော်ကျူး ၈၈ ချပ် တပ်ဆင်ထားသည့် ဆိုလာကားပါကင်စနစ်သုံး လျှပ်စစ်သုံးယာဉ်အားသွင်းစနစ်ရှိ အိမ်သုံး ၇ ကီလိုဝပ် Single - Phase AC Type 2 Charger မှ လျှပ်စစ်သုံးယာဉ်တစ်စီးကို အားသွင်းနေမှုအခြေအနေများနှင့် ၂၂ ကီလိုဝပ် Three-Phase AC Type 2 Charger တို့ကို စစ်ဆေးပြီး ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော ဆိုလာနှင့် ဓာတ်အားကွန်ရက်စနစ်(Grid)တို့ပေါင်းစပ်ပြီး Hybrid System ဖြင့် လျှပ်စစ်သုံးယာဉ်အားသွင်းစနစ် တပ်ဆင်ထားသဖြင့် Grid အတွက် ရုပ်ကြွင်းလောင်စာအသုံးပြုရမှုများ၊ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရုံမျှမက အခြားရေရှည်အကျိုးကျေးဇူးများစွာကိုပါ ရရှိနိုင်ကြောင်း၊ ထုတ်ယူသည့် Power Quality ကောင်းမွန်စေရေး ပုံမှန်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်သုံးယာဉ်သင်တန်းဆိုင်ရာအလုပ်ရုံတွင် ဆိုလာစနစ်မှ Data Logger ၊ Single-Phase Off-Grid နှင့် Three-Phase Hybrid အင်ဗာတာများ၊ ဘက်ထရီများနှင့် Battery Management System တို့ တပ်ဆင်သုံးစွဲမှု၊ ၆၀ ကီလိုဝပ် Level-3 DC Charger တပ်ဆင်ထားမှု အခြေအနေ၊ လျှပ်စစ်သုံးယာဉ်သင်တန်း အလုပ်ရုံပြင်ဆင်မွမ်းမံနေမှုနှင့် စက်မှုအင်ဂျင်နီယာဌာန အလုပ်ရုံကို အကြီးစားပြင်ဆင်နေမှုများ၊ ကျောင်းဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် TOT သင်တန်း အပတ်စဉ်လေးခုမှ သင်တန်းဆင်း ၇၄ ဦး၊ TOT မွမ်းမံသင်တန်းတစ်ခုမှ သင်တန်းဆင်း ၁၅ ဦး၊ EV ဆိုင်ရာ ပုံမှန်ဆင့်ပွားသင်တန်းနှစ်ခုမှ သင်တန်းဆင်း ၇၅ ဦးနှင့် လျှပ်စစ်သုံးယာဉ်(EV)စစ်ဆေးရေး အထောက်အကူပြုသင်တန်းမှ သင်တန်းဆင်း ၃၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကာ လျာထားစီမံချက်အတိုင်း သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment