Pages

Pages

မန္တလေးမြို့တွင် Mandalay International Trade Fair & Investment Forum 2023 ပြပွဲ ကျင်းပလျက်ရှိ



MNP ၊ ဒီဇင်ဘာ ၂၁

Mandalay International Trade Fair & Investment Forum 2023 ကို ယမန်နေ့က စတင်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ကျင်းပလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


အဆိုပါ Forum ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)နှင့် တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ် မှ တယ်ဟုန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ဝ ရက်မှ ၂၂ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။


“ဒီ Forum မှာ အာဆီယံနိုင်ငံတွေက သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နံမှုအလားအလာတွေ ပြသကြတဲ့အတွက် အဆက်အသွယ်တွေရရှိပြီး ကျွန်တော်တို့နိုင်ငံက လုပ်ငန်းရှင်တွေ ပြည်ပနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်းဖြင့် သူတို့ရဲ့လုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မှာပဲ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့နဲ့ MoU သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တယ်”ဟု MRCC ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။


“နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ မန္တလေး မြို့သာစက်မှုဥယျာဉ်မှာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုတာကို ဒီပွဲမှာ ရှင်းလင်းပြသ တာဖြစ်ပါတယ်။ တည်နေရာအနေနဲ့ မြန်မာနိုင်ငံရဲ့ ဗဟိုမှာရှိပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံးနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေတဲ့ နေရာဖြစ်တယ်။ ယခုပြုလုပ်တဲ့ Forum ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ လုပ်ငန်းရှင်တွေ ရှေ့ဆက်ပြီးဘာလုပ်မလဲ၊ ထပ်ပြီး ဘာတွေ ချဲ့ထွင်နိုင်မလဲဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်”ဟု မန္တလေး မြို့သာစက်မှုဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းအောင် က ပြောသည်။


Mandalay International Trade Fair & Investment Forum တွင် ဒီဇင်ဘာ ၂၀ ရက်၌ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဒီဇင်ဘာ ၂၂ ရက်တွင် Green Energy MSME ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။


ယနေ့ကျင်းပသည့် Forum တွင် ပြခန်းပေါင်း ၂၄၀ ကျော်ကို ခင်းကျင်းပြသထားရှိပြီး ပြခန်းအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် အိမ်သုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ EV car ၊ ဆိုလာနှင့် လျှပ်စစ်ပစ္စည်း စသည်တို့ကို တစ်နေရာ တည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်သည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲဖောက်ခြင်းအစီအစဉ်များနှင့် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်အေးချမ်း

ဓာတ်ပုံ - MTK

https://t.me/MyanmarNationalPost

No comments:

Post a Comment