ပေါက်ခေါင်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲနောက် ၃၇၈၉၉ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲနောက်ဧက ၂၉၉၄၈ စိုက်ပျိုးရန်လျာထားခဲ့ရာ ယခုနှစ်တွင် ၃၇၈၉၉ ဧကစိုက်ပျိုးနိုင်သဖြင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ပဲတီစိမ်း ၁၀၉၆၉ ဧက၊ မတ်ပဲ ၁၂၈၄၁ ဧကနှင့် ပဲနောက် ၁၄၀၈၉ ဧကစိုက်ပျိုးနိုင်ခဲ့သည်။ ပဲမျိုးစုံစိုက်ပျိုးသည့် ဝက်တိုးကျေးရွာ၊ ကျွဲပေါင်ပင်၊ ရပ်သစ်၊ ရွာထောင်စသည့် ကျေးရွာတောင်သူများအနေဖြင့် ပဲမျိုးစုံရိတ်သိမ်းပြီးစီးချိန်တွင် ဆည်ရေသောက်ရရှိသည့် လယ်မြေများတွင် နွေစပါးသီးနှံကို ထပ်မံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်သည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြံနှင့် အခြားစိုက်ပျိုးသီးနှံစုံ စိုက်ပျိုးနိုင်သည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးသည့် သီးနှံများမှာလည်း အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများကလည်း ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ရေးနှင့် သွင်းအားစုများ စနစ်တကျအသုံးပြုနိုင်ရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment