Pages

Pages

အင်းစိန်ရွာမဆရာတော်ဘုရားကြီးပေးပို့သော နှစ်မင်္ဂလာနှုတ်ခွန်းဆက်သဝဏ်လွှာ

၁၃၈၅-ခုနှစ်၊ မြန်မာ့နှစ်သစ်မင်္ဂလာ အခါသမယ၌ မြန်မာနိုင်ငံသူ/နိုင်ငံသား အားလုံးသို့ ပေးပို့အပ်သော နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သဝဏ်လွှာ

ဦးတန်ခူးလပြည့်ကျော်  ၁၃-ရက်၊ ၁၃၈၅-ခုနှစ်၊ (ဧပြီလ ၁၇၊ ၂၀၂၃) တနင်္လာနေ့။

ယနေ့ ကောဇာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၁၃-ရက်၊ (ဧပြီလ ၁၇၊ ၂၀၂၃) တနင်္လာနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာ့နှစ်သစ် ၁၃၈၅-ခုနှစ်၊ နှစ်ဦးအစ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါသည်။

ယနေ့ဟာ ၁၃၈၅-ခုနှစ်၊ နှစ်သစ်မင်္ဂလာ အခါသမယဖြစ်၍ မြန်မာနိုင်ငံ ရဟန်း, ရှင်, လူ ပြည်သူများအားလုံး ကောင်းကျိုးအနန္တ သုခအထွေထွေ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း မေတ္တာလောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်၊ မြန်မာနိုင်ငံသူ/နိုင်ငံသား အပေါင်းတို့.....။

မြန်မာနိုင်ငံသူ, နိုင်ငံသား ရဟန်း, ရှင်, လူ, ပြည်သူ, ပြည်သားအားလုံးသည် -

မိမိတို့ ရပ်တည်ကျင်လည်နေသည့် ဝန်းကျင်အဖြာဖြာ အလွှာအသီးသီး လုပ်ဆောင်ချက်အထွေထွေ မတူကွဲပြားခြားနားကြသော်လည်း မိမိတို့၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ကောင်းကျိုးလိုလားသည့် ဦးတည်ချက်တော့ တူကြရမည် ဖြစ်ပါသည်။

အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့၊ 

အမြင်ကျယ်၍၊ ပညာမွေ့လော့၊

ဟု ဆရာဇော်ဂျီဆိုသည့်အတိုင်း အတိတ်ကာလများက ကျင့်သုံးခဲ့ကြသည့် ဟောင်းနွမ်းပျက်စီးနေသော  အရာများအနက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ကာ ဖယ်ရှားသင့်သည်များကို ဖယ်ရှားပြီး လာမည့် နှစ်သစ်မှစ၍ နိုင်ငံသားအားလုံးသည် မိမိတို့ နိုင်ငံအတွက် ကောင်းကျိုးလိုလားသည့် ဦးတည်ချက်ကို ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြဖို့ မလွဲမသွေ လိုအပ်ပါသည်။

ယနေ့ နှစ်သစ်အခါသမယမှစ၍ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး -

ရေ, မီး, မင်း, ခိုးသူ-စသော ရန်သူမျိုး ၅-ပါး ဘေးရန်တို့မှ ကင်းဝေးကြပါစေ။

ရောဂါကပ်ဘေး, ငတ်မွတ်ခေါင်းပါးခြင်းကပ်ဘေး, လက်နက်ကပ်ဘေးဟူသော ဘေးကြီး ၃-ပါးမှ ကင်းဝေးကြပါစေ။

ဆွေမျိုးတို့၏ပျက်စီးခြင်း ဉာတိဗျသန,

 စည်းစိမ်ပျက်စီးခြင်း ဘောဂဗျသန, 

ရောဂါကပ်ကြောင့်ပျက်စီးခြင်း ရောဂဗျသန, 

ကိုယ်ကျင့်သီလပျက်စီးခြင်း သီလဗျသန,

ကိုယ့်သေတွင်းကိုယ်တူးသလိုမှားယွင်းသောအယူကိုယူမိသဖြင့်ပျက်စီးခြင်း ဒိဋ္ဌိဗျသန ဟူသော ပျက်စီးခြင်း ၅-မျိုးဟူသော ဗျသနတရား ၅-ပါးဘေးမှ ကင်းဝေးကြပါစေ။

ကျန်းမာ, ချမ်းသာ, ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

ယနေ့မှစ၍ အနာဂတ်ကာလ၌ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး မငြိမ်းချမ်းမှုများ ကင်းဝေးပြီး ငြိမ်းချမ်းသာယာသော မြန်မာပြည်ကြီး ဖြစ်ပါစေကြောင်း နှစ်သစ်သဝဏ်လွှာစကား ပါးအပ်ပါသတည်း။


ဘဒ္ဒန္တတိလောကာဘိဝံသ

နိုင်ငံတော်သြဝါဒါစရိယ

အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊

ပဓာနမဟာနာယက၊ ရွာမပရိယတ္တိစာသင်တိုက်

အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

No comments:

Post a Comment