ပဲခူး၊ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၀) ကြိမ်မြောက် နှစ်ပတ်လည်နေ့ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးကို နှစ်စဉ်ပုံမှန်ကျင်းပလာခဲ့ရာ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးက ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ၊ သုံးသပ်အကြံပြုချက်များနှင့် အတွေ့အကြုံများကို တက်ရောက်လာသည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များကို လေ့လာသိရှိမှတ်သားနိုင်စေရေန် ထပ်ဆင့်ရှင်းလင်းပေးသွားမှာဖြစ် ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် အမျိုးသမီးများ၏ လူမှုဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကာ မြို့ပြမှကျေးလက်ဒေသအထိ အရှိန်အဟုန်မပြတ် ဆက်လက်တိုးတက်အောင် နှီးနွယ်အဖွဲ့များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် အရေအတွက်တွင်သာမက အရည်အချင်းပါ ပြည့်စုံအောင် ဖြည့်ဆည်းပေးသွားရမှာဖြစ်သလို အခြားသော မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်၍ “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံအကျိုး၊ ပြည်သူ့လူထုအကျိုးတို့အား ဆထက်ထမ်းပိုး ထိရောက်အောင်မြင်စွာ သယ်ပိုးထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ်လှုပ်ရှားမှု မှတ်တမ်းvideo အားကြည့်ရှု့ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြ သည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးခရိုင်၊ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် ၂၀၂၃ ခုနှစ်အတွင်း ခရိုင်အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်(၉)ရပ်နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က ကျေးလက်ဒေသ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းစဉ်(၉)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment