ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဉရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဉရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိ




ဖားကန့် ၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အထက်ဘက်မှမိုးများအဆက်မပြတ် မိုးများရွာသွန်းမှု‌ကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းမှစတင်၍ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် မိုးများရွာသွန်းမှုမှာ ညနေ(၆)နာရီ၌ တိုင်းထွာချက်အရ မိုးရေချိန် (၃)ဒဿမ(၅၀)လက်မရှိပြီး ဥရုချောင်းရေအခြေအနေမှာ မရှီကထောင်ကြိုးတံတားနှင့် ထိစပ်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်အနိမ့်ပိုင်းတွင် (၄)ပေခန့်လည်းကောင်း၊ ငှက်ပျောတောရပ်ကွက် အနိမ့်ပိုင်းတွင် (၄)ပေခန့်လည်းကောင်း ရေများ၀င်ရောက်လျက်ရှိပြီး လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာရှိ ဥရုချောင်းစိုးရိမ်ရေအမှတ်သည် (၉)ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၁၂)ပေခန့်ဖြစ်၍ စိုးရိမ်ရေအမှတ်ထက်(၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေများ၀င်ရောက်လာမှုကြောင့် အ.ထ.က(လုံးခင်း) ၊ အ.ထ.ကခွဲ(ကံဆီး)၊ အ.ထ.ကခွဲ (နမ့်မဖြစ် )၊ မူလွန်(ဆိုင်းရာရွာသစ်)၊ အ.မ.က(နန့်စန်း-၂)၊ အ.မ.က(နန့်စန်း-၃)၊ အ.မ.က (မှော်ရှန်ရွာသစ်)နှင့် အ.မ.က(ကံဆီးဟော)စသည့် စာသင်ကျောင်းများ ယာယီပိတ်ထားပြီး ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာရှိ အ.ထ.က(ရှဒူဇွပ်) ကျောင်း၀န်းအတွင်းသို့လည်း (၄)ပေခန့် ရေများဝင်ရောက်လာသဖြင့် ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ မိုးများအား ည(၇)နာရီခွဲအထိ မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကျဆင်းလာသဖြင့် လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာရှိ ဥရုချောင်းရေ စိုးရိမ်ရေအမှတ်အား ၉ ပေ သတ်မှတ်ထားပြီး လက်ရှိတွင် ၁၂ ဒဿမ ၅ ပေ ထိရောက်ရှိနေပါသဖြင့် စိုးရိမ်ရေအမှတ်ထက် ၃.၅ ပေ မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြို့မရပ်ကွက် အနိမ့်ပိုင်းနေရာများရှိ အိမ်ခြေ ၇၀ ခန့်တွင် ဥရုချောင်းရေ (၃)ပေကျော်ခန့်နှင့် အေးမြသာယာရပ်ကွက် အနိမ့်ပိုင်းနေရာများရှိ အိမ်ခြေ ၄၁ အိမ်ခန့်တွင် ဥရုချောင်းရေ (၃)ပေခွဲခန့် ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ခြေစုစုပေါင်း(၃၈၆)အိမ်တို့တွင် ဥရုချောင်းရေဝင်ရောက်လျက်ရှိရာ လူဦးရေစုစုပေါင်း(၂၂၅၈)ဦး ရေဘေးသင့်လျက်ရှိသဖြင့် အဆိုပါရေဘေးသင့် ပြည်သူများအား ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ မဏိဇေယျုံ ပရိယတ္တိစာသင်တိုက်တွင် ခေတ္တရွှေ့ပြောင်းထားရှိကြောင်း သိရသည်။

ထို့အတူ ဥရုချောင်းရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းရပ်ကွက်များနှင့် နန့်စန်း(၂)ကျေးရွာများသို့ ချောင်းရေဝင်ရောက်သဖြင့် မြေနိမ့်ပိုင်းနေပြည်သူများအား လုံးခင်းရပ်ကွက်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ၎င်းတို့နှင့် နီးစပ်ရာမိဘ/ဆွေမျိုးများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ရွှေ့ပြောင်းထားရှိပြီး ငြိမ်းချမ်းသာယာရပ်ကွက်နှင့် လုံးခင်းရပ်ကွက်(၃)သို့ ဆက်သွယ်ထားသည့် သံတံတားအား ချောင်းရေကျော်တက်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ချောင်းရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်၊ အဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် ဉရုချောင်းရေ ထပ်မံမြင့်တက်လာပါက ရေဘေးကယ်ဆယ်နိုင်ရေးအတွက် ဖားကန့်မြို့ပေါ်နှင့် လုံးခင်းရပ်ကွက်များအတွင်းရှိ လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီအသင်းအဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များအား အလျဉ်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အသင်းအစုအဖွဲ့များ ဖွဲ့စည်းထားရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို အများပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား ကြိုတင်အသိပေးထားရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)