Pages

Pages

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၅၆ / ၂၀၂၄)

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၉   ရက်

( ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ   ၂၆   ရက် )


          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။     ဤဥပဒေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။      အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုး ရမည်-


“(ဃ)    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ပါဝင်သည့် အဖျက်စွမ်းအားကြီးမားသော လက်နက်များအား တားဆီးကာကွယ်ရေး၊ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးတို့အတွက်လည်းကောင်း၊ လူအများအပြားသေကျေ စေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးအရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အတွက် လည်းကောင်း အစီအမံများချမှတ်ခြင်း၊”


၃။     အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-


“၅၃။     မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ ဆောင်ရွက်ရန် တာဝန် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ပြစ်မှု ကျူးလွန်ခြင်းဖြစ်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို အနည်းဆုံး ကျပ်သိန်းနှစ်ရာမှ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ချမှတ်ရမည်။”  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။                                                     


 (ပုံ)


မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment