Pages

Pages

ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား ကျင်းပ




ဘားအံ၊ အောက်တိုဘာ ၁၉

ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ သက်တော် (၈၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၊ သာသနဇောတိကအုဌ်ကျောင်း (ရာပြည့်) အထိမ်းအမှတ်နှင့် ကထိန်အလှူတော်မင်္ဂလာအခမ်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ သာသနဇောတိကအုဌ်ကျောင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ အင်းစိန်ရွာမကျောင်းဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုစိတ္တ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) တို့ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆရာတော်ဘုရားကြီးများ၏ တပည့်၊ ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇန ဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဇွဲကပင်တောင်ဆရာတော်ကြီးအား မွေးနေ့အလှူ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကထိန်သင်္ကန်းနှင့် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မုတ္တမမြို့၊ မြနန်းကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဒမက ဇွဲကပင်တောင်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ပြီး တေးသံရှင် မဝင်းလဲ့ချယ်ရီက ရတုပိုဒ်စုံ၊ ရှစ်ဆယ်ပေါ်တေးထပ်တို့ဖြင့် သီဆို ပူဇော်သည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ရွာမကျောင်းဆရာတော် ဘဒ္ဒန္တတိလော ကာဘိဝံသမထေရ်မြတ်က သမ္မောဒနီယကထာကို မြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် အင်းစိန်ရွာမကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment