အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ အကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ အကြောင်း


နေပြည်တော်၊ နိုဝင်ဘာ ၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ရေးရာဆိုင်ရာ အိန္ဒိယကောင်စီ (Indian Council of World Affairs - ICWA) ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိသည်။

ခရီးစဉ်အတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိရာ ကမ္ဘာ့ရေးရာဆိုင်ရာအိန္ဒိယကောင်စီ (ICWA) မှ တာဝန် ရှိသူများက ကြိုဆိုကြသည်။

နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌနှင့် ICWA အတွင်းရေးမှူး Smt. Nutan Kapoor Mahawar တို့က အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူး များ၏ အခန်းကဏ္ဍနှင့် အိန္ဒိယနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြရာ ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ဖက်ဒရယ်စနစ်၏ အခွင့်အာဏာခွဲဝေမှုနှင့် အခွန်ခွဲဝေမှု ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ (၁၆) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲဒုတိယနေ့အစီအစဉ်သို့ ဆက်လက်တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အတွေ့အကြုံများနှင့် ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် (Panchayati Raj စနစ်) ခေါင်းစဉ်တို့အား အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြရာ ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းခေါင်းစဉ်ကို ဆက်လက် ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ ဘာသာဗေဒ လူနည်းစုဆိုင်ရာ ကော်မရှင်နာနှင့် တွေ့ဆုံခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့တွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)