နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေ




နေပြည်တော်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် သတင်းမီဒီယာကဏ္ဍကိုနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးအနက်ထားကြောင်းကို ဦးစွာပြောကြားလိုကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာကောင်စီ၏အခန်းကဏ္ဍကို အလေးထားသကဲ့သို့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြဲတမ်းစိတ်အားထက်ထက်သန်သန် ဆောင်ရွက်ပေးလျက် ရှိကြောင်း။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျ ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် တွင် ဥပဒေအရ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုနိုင်ခွင့်များရှိရမည် ဖြစ်သကဲ့သို့ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း မရှိမဖြစ်လိုအပ် ကြောင်း၊ ယင်းလိုအပ်ချက်များကို လိုက်လျောညီထွေရှိရှိ ဟန်ချက်ညီညီ မျှမျှတတ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် လွတ်လပ်ခွင့်သည်အတိုင်းအတာနှင့် ဖြစ်ကြောင်း၊ သူတစ်ပါးကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ၊ နိုင်ငံတော်ကို ဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီမဟုတ်ဘဲ လွတ်လပ်ခွင့်နှင့်အခွင့်အရေးကိုပါ ထိပါးပုတ်ခတ် ရေးသား ဖော်ပြခြင်းမျိုး မဖြစ်ရန်လိုကြောင်း၊ လွတ်လပ်ခွင့်နှင့် အခွင့်အရေး ရှိသကဲ့သို့ တစ်ဖက်ကလည်း လိုက်နာရမည့် တာဝန်၊ ဝတ္တရား၊ ကျင့်ဝတ်များကို လိုက်နာကြ ခြင်းဖြင့် မျှမျှတတလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

ထိုသို့ ဖြစ်ထွန်းလာရန် သတင်းမီဒီယာ၏အခန်းကဏ္ဍသည် လွန်စွာ အရေးကြီး သည်ဟု ပြောကြားလိုကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ယင်းမီဒီယာသမားများမှတစ်ဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကို ပစ်ပယ်ပြီး ၎င်းတို့လိုလားသည့်ပုံစံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြခြင်းပင် ဖြစ်ကြောင်း။

အထူးသဖြင့် ဒီမိုကရေစီ၏ သဘောတရားများအနက် လူတိုင်း နားလည်လက်ခံ ထားကြသည့် သဘောတရားတစ်ခုမှာ “မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း” ပင် ဖြစ် ကြောင်း၊ မိမိနှင့်အမြင်မတူ၊ အတွေးမတူ၊ အလုပ်မတူခြင်းများကို နားလည် လက်ခံပြီး အပြန်အလှန် ရပ်တည်နိုင်ခွင့်ကို လေးစားအသိအမှတ်ပြုသည့် ယဉ်ကျေးမှု တစ်ရပ်ကို မီဒီယာသမားတိုင်း လက်ခံကျင့်သုံးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်နှင့် လွတ်လပ်ရေး ရပြီး ကာလတလျှောက်တို့တွင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့ရပြီး အမျိုးမျိုးသောဖိအား များကြောင့် ပြည်သူလူထုအတွင်း အသိပညာ၊ အတန်းပညာ၊ အတတ်ပညာ ကွာဟမှု များ ရှိနေကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်သည် နိုင်ငံ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရချိန်လည်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နေချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပ ဩဇာခံမီဒီယာသမားများသည် ခေတ် အမျိုးမျိုးက ဖြတ်သန်းလာခဲ့ရသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကား များနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာအောင် လုပ်ဆောင်နေကြကြောင်း။

ယင်းနှင့်ပတ်သက်၍ ပြောလိုသည်မှာ သတင်းမီဒီယာသမားများသည် လူသား များပင်ဖြစ်သည့်အတွက် လူ့သဘာဝအတိုင်း အကြိုက်မတူခြင်း၊ ပုဂ္ဂလဓိဋ္ဌာန် အစွဲများ ရှိနေတတ်ခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံကြောင်း၊ သို့သော်လည်း နိုင်ငံ့ အရေး၊ ပြည်သူ့အရေးကိစ္စများတွင် မိမိအကျိုးစီးပွားအပါအဝင် မိမိယူဆချက်၊ မိမိ သဘောထားကို ရှေ့တန်းမတင်ဘဲ“အတ္တနောမတိ”ကင်းကင်းဖြင့် အရာရာကို ရေးသား ရှုမြင် ဆင်ခြင်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ထို့ပြင် “အစွဲ” တစ်ခုကို လက်ကိုင်ပြုပြီး ဓမ္မဓိဋ္ဌာန်ကျကျ မရှုမြင်ဘဲ မိမိထင်ရာ မြင်ရာ ယုံကြည်ရာကိုသာ ဇောင်းပေးပြောဆိုခြင်းများ၊ အခြားတစ်ဖက်၏ မတူကွဲပြား သည့် အတွေးအမြင်များ၊ ယုံကြည်မှုများကို မျက်ကွယ်ပြုပြီး အမုန်းစကား အခြေခံများဖြင့်သာ ထုတ်လွှင့်ဖော်ပြနေမည်ဆိုပါက ဖြောင့်မတ်တည်ကြည်မှု ကင်းမဲ့သည့် သတင်း မီဒီယာသမားများအဖြစ် မှတ်ယူခံရနိုင်သည်ကို သတိပြုပေးကြရန် အသိပေး ပြောကြားလိုကြောင်း။

သတင်းမီဒီယာဥပဒေတွင်ပါသည့် သတင်းမီဒီယာကောင်စီ၏ အဓိကလုပ်ငန်း တာဝန်များကို ပြန်ကြည့်ပါက သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးရန်၊ သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်းများကိုပြည်ပမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးရန်၊ သတင်း မီဒီယာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ စီစဉ်ကျင်းပပေးရန်၊ သတင်းဆိုင်ရာ ထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်ပေးရန်၊ သတင်းမီဒီယာလုပ်ငန်း တိုးတက်ရေးအတွက် စီမံချက်များ ရေးသား ဆောင်ရွက်ရန် စသည့်အချက်များကို တွေ့ကြရမည်ဖြစ်ကြောင်း။

ယင်းတာဝန်များကို ပြီးခဲ့သည့် သတင်းမီဒီယာကောင်စီအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့သည်ကို တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ အလားတူ ယခုသတင်းမီဒီယာကောင်စီအနေဖြင့် အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ အောင်မြင်အောင် ထမ်းဆောင်ကြရန်လည်း တိုက် တွန်းလိုကြောင်း၊ မိမိအနေဖြင့် ပြောကြားလိုသည်မှာ စာပေပညာရှင်ကြီးများကို ဂုဏ်ပြုပြီး စာပေပညာ ရှင်ကြီးများ၏ စာပေလက်ရာမွန်များ၊ ၎င်းတို့၏ အတ္ထုပ္ပတ္တိနှင့် ဖန်တီးရေးဖွဲ့ခဲ့သည့် အနုပညာပစ္စည်းများကို ခမ်းခမ်းနားနား ထုတ်ဖော်ပြသရန်နှင့် စာပေဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် “စာဆိုဗိမာန်” ကြီးတစ်ခုကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း။

သတင်းစာဆရာဟု ဆိုပါက မိမိတို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုလည်း သတင်းစာဆရာ တစ်ဦးဟုဆိုရမည် ဖြစ်ကြောင်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဘဝနှင့် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရန် တစ်မျိုးသားလုံးကို အမျိုးသားရေး စိတ်ဓာတ်များနိုးကြားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံလွတ်လပ် ရေး ကြိုးပမ်းစဉ်ကာလနှင့် နောက်ပိုင်းတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ မြှင့်တင်ပေးနိုင်ရန် စာပေနှင့်အားထုတ်ခဲ့ကြသည့် စာပေပညာရှင်ကြီးများလည်း များစွာရှိပါကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက် တိုင်းကျိုးပြည်ကျိုး ထမ်းဆောင်ခဲ့ကြသည့် သတင်းစာဆရာကြီး များ အားလုံးကို မိမိအနေဖြင့် လေးစားဂုဏ်ပြုပါကြောင်း။

မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးများတွင် သက်ကြီး စာပေပညာရှင်ကြီးများ၊ သက်ကြီးအနုပညာရှင်ကြီးများကို အခါအားလျော် စွာ ထောက်ပံ့ကူညီမှုများ လုပ်ပေးနေသည်ကို တွေ့မြင်နေရကြောင်း၊ ၎င်းတို့ကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် သက်ကြီးအငြိမ်းစား သတင်းစာဆရာကြီးများ အတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများပြုပေးနိုင်ရန်နှင့် ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတ၊ အတွေးအမြင်များကို နိုင်ငံတော်နှင့် မျိုးဆက်သစ်သတင်းသမားများအား လက်ဆင့်ကမ်း ဆောင်ရွက်ပေးနိုင်ရန်လည်း နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

စာနယ်ဇင်းပညာဆိုသည်မှာ ခက်ဖြာစီးဆင်းနေသည့် မြစ်ကြီးတစ်စင်းနှင့် တူ သည်ဟု တင်စားပြောဆိုကြကြောင်း၊ စာပေကိုအခြေခံသည့် အနုပညာဖန်တီးမှုများ၊ လူသားများ၏ ဘဝနေထိုင်မှုနှင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ လူ့အဖွဲ့အစည်း၏ စုဖွဲ့ ဖြစ် တည်ပုံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုသမိုင်းကြောင်းများ စသည့် မြစ် လက် တက်များနှင့် ပေါင်းစုံစီးဝင်နေသကဲ့သို့ ဖြန့်ခွဲစီးဆင်းနေခြင်းပင် ဖြစ်ကြောင်း။

ထို့ကြောင့် စာနယ်ဇင်းသမား (သို့မဟုတ်) သတင်းမီဒီယာသမားတိုင်းသည် လောကကို ကောင်းကျိုးပြုပြီး လောကအကျိုး သယ်ပိုးကြရမည် ဖြစ်ကြောင်း၊ လူ့အဖွဲ့ အစည်းအားလုံး၏ လူမှုဘဝများကို ဘက်မလိုက်ဘဲ ထင်ဟပ်ပြရမည် ဖြစ်ကြောင်း၊ မိမိလူမျိုး၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်လည်း ထိန်းသိမ်းပေးကြရမည် ဖြစ်ကြောင်း။

သတင်းမီဒီယာအလုပ်ဆိုသည်မှာ ကျယ်ပြန့်သည့် သဘောရှိသည့်အတွက် ပုံစံ တကျ ဘောင်ခတ်သတ်မှတ်ရန် မဖြစ်နိုင်သော်လည်း သတင်းမီဒီယာ ရေစီးကြောင်း တွင် ပါဝင်စီးမျောနေကြသူများ၏ အသိဉာဏ်ပညာများ၊ ဆင်ခြင်တုံတရားများဖြင့်သာ ထိန်းကျောင်းပဲ့ပြင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ အင်အားကြီးနိုင်ငံအချို့က လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် မိမိတို့နိုင်ငံကို အပြစ်ရှာပြောဆိုပြီး ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေ ကြကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံ၏ပကတိအခြေအနေနှင့် လူမှုစီးပွား ဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် တွေ့ကြုံခဲ့ရသည့် သမိုင်းပေးတာဝန် သင်ခန်းစာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သာ အခြေခံစဉ်းစားပြီး မိမိတို့၏ပန်းတိုင်ကို ရဲရဲဝံ့ဝံ့ ဆက်လက်ချီတက်နေခြင်း ဖြစ်ကြောင်း။

ယင်းအခြေအနေတွင် စတုတ္ထမဏ္ဍိုင်ဟု အမည်ခံထားကြသည့် သတင်း မီဒီယာ သမားများအနေဖြင့် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို သမာသမတ်ကျကျ၊ မျှမျှတတရေးသားဖော်ပြ ထုတ်လွှင့်ပေးကြရန်၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ အစည်း၏ အသုံးချခံ လက်ကိုင်တုတ်မှ အဖြစ်မခံဘဲ နှောင်ကြိုးမဲ့စွာ ဆောင်ရွက်ပေး ကြရန်၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ်ထားပေးကြ ရန်၊ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း အရောင်အသွေးကင်းကင်းဖြင့် သတင်း မီဒီယာလောကအကျိုး သယ်ပိုးပေးကြရန်၊ တိုင်းပြည်မငြိမ်သက်အောင်၊ ဆူပူ အုံကြွ အောင် သွေးထိုးမှိုင်းတိုက်ထုတ်လွှင့်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေး ကြရန် လိုအပ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)