Pages

Pages

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းကြည့်ရှု


နေပြည်တော်၊ ဒီဇင်ဘာ ၁၁

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယမန်နေ့က ပုသိမ်မြို့ရှိ စက်မှုစီမံကိန်းခန်းမ၌ အလုပ်ရှင်၊ မန်နေဂျာနှင့် အထည်ချုပ်လုပ်သားများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်ရှင်ကိုယ်စားလှယ် (မန်နေဂျာ)နှင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမား ရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ထိ စနစ်တကျ ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်ရှင်များသည်လည်း အလုပ်ရှင်အဖွဲ့အစည်းများကို အပြိုင်ဖွဲ့စည်း နိုင်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင် အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြ၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့ အစည်း၏အခွင့်အရေးနှင့်တာဝန်များကို သိရှိဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်းကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Dong Long (Pathein) Garment၊ Harkers Enterprise Myanmar Co.,Ltd. နှင့် Huabo Times Textile and Clothing Co.,Ltd. စက်ရုံများသို့ ကွင်းဆင်းကြည့်ရှုအားပေးပြီး လုပ်သားများနှင့် ရင်းနှီးစွာတွေ့ဆုံအားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်၍ လုပ်သား များ သက်သာချောင်ချိမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment