မကွေး၊ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့က မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျက်မှောက် ၂၁ ရာစုခေတ်တွင် သိပ္ပံနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အပြောင်းအလဲ၊ အရွေ့အလျား အလွန်လျင်မြန်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရုပ်ပိုင်းစိတ်ပိုင်းနှစ်ရပ် ဖွံ့ဖြိုးရေးတွင် ပညာရေးသည် အခြေခံဖြစ်ကာ အသိဉာဏ်မရှိပါက စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် ခက်ခဲပြီး အတတ်ပညာမဲ့လျှင် ဘဝရပ်တည်ရေး မလွယ်လှသဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံစေရေး လေ့လာဆည်းပူး သင်ယူနေရမည်ဖြစ်ပြီး ပညာရေးကို အခြေခံလျက် ဗလငါးတန် ဖြည့်ဆည်းနေရေး လိုအပ်ပါကြောင်း၊ ဗလငါးတန်ပြည့်စုံ ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်အားထုတ်နေရမည်ဖြစ်ကြောင်း၊ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာဖြင့် အရာရာကို ပိုင်းဖြတ်လျက်ရှိပြီး ပညာမဏ္ဍိုင် ကြံ့ခိုင်မှသာ ခေတ်မီတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကာ ပညာရှာမှီးရာတွင် သတိတမန် ဉာဏ်မြေကတုတ် လုံ့လထုတ်၍ ပညာပေါက်မြောက်အောင် ကြိုးစားသင်ယူနိုင်ရေး လိုအပ်သလို ဗလငါးတန်ကိုလည်း ဖြည့်ဆည်းကြရေး လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗလငါးတန်ဖွ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာဥပဒေ သိမှတ်ဖွယ်ရာများကို လည်းကောင်း၊ ကလေးသူငယ်များ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး ဉာဏ်စမ်းမေးခွန်းများ ဖြေဆို၍ ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာစာအုပ်များနှင့် အားကစားပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment