Pages

Pages

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို Solar Power Plant စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်






ထားဝယ်၊ ဖေဖော်ဝါရီ ၁၃

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ Southern Coastline Group Co.,Ltd  က ရှင်းလင်းတင်ပြခြင်း အခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ကော့သောင်းမြို့ နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား အနေဖြင့် ဒီဇယ်နှင့်လည်ပတ်နေရသော်လည်း လျှပ်စစ်ဓာတ်အား ၂၄ နာရီအလုံအလောက်ရရှိနေပြီးဖြစ်ကြောင်း၊ ဓါတ်အားတစ်ယူနစ်စျေးနှုန်း အနေဖြင့် ဈေးအနည်းငယ်မြင့်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊  တစ်ယူနစ် ဈေးနှုန်းလျော့ချနိုင်ရေးအတွက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းကာ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းတွင်    ၁၀  မဂ္ဂါဝပ် Solar Power Plant Project ဆောင်ရွက်ထားရှိပြီး ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကာ အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာ များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊  မြိတ်မြို့နယ်တွင် ၂၀ မဂ္ဂါဝပ် Solar Power Plant  ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ လျှပ်စစ်စျေးနှုန်းသက်သာပါက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကော့သောင်းမြို့ Solar Power Plant  Project အနီးတွင် ရေခဲစက်၊ အအေးခန်း စက်ရုံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊  ကင်းမွန်၊ ပုဇွန်၊ သားငါးများသည် ကမ်းနီးမှထွက်ရှိပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် တန်ဘိုးနည်းနေသည်ကို တွေ့ ရကြောင်း၊ အအေးခန်းစက်ရုံရှိပါက သားငါးများကို အအေးခန်းထဲတွင်သိုလှောင် ရောင်းချပါက လိုအပ်သောဈေးနှုန်းများ ရရှိနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် Southern Coastline Group Co., Ltd  မှ တာဝန်ရှိသူများ က ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှု အခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်နေဆဲ လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment