Pages

Pages

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ပထမနေ့) စတင်ဖြေဆို


နေပြည်တော်၊ မတ် ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားစာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီးက ပရိယတ္တိစာမေးပွဲများတွင် ဓမ္မာစရိယ၊ ပထမပြန်စာမေးပွဲဖြေဆို သံဃာ၊ သီလရှင်များမှာ အများဆုံးဖြစ်ပါကြောင်း၊ ဆရာတော် ကြီးများအနေဖြင့် ပင်ပန်းမှုကို ဂရုမပြုဘဲ စာမေးပွဲကြီးကြပ်မှုများကို ဆောင်ရွက်နေကြသည့်အတွက် ဝမ်းမြောက်ရပါကြောင်း လျှောက်ထားသည်။

ထို့နောက် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုကြသော သံဃာတော်များနှင့် သီလရှင်များအား  လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယနေ့ ကျင်းပသော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ပျဉ်းမနားစာဖြေဌာန၌ သံဃာ ၂၁၁ ပါးနှင့် သီလရှင်တစ်ပါး စုစုပေါင်း ၂၁၂ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၁၈၆ ပါးနှင့် သီလရှင်တစ်ပါး စုစုပေါင်း ၁၈၇ ပါး ဝင်ရောက်ဖြေဆိုကြသည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဓမ္မာစရိယစာဖြေဌာန ၇၁ ဌာနတို့တွင် ယနေ့မှ စတင်ကာ ဧပြီ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယနေ့ဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ပထမနေ့) စတင်ဖြေဆိုခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပါဠိပထမပြန်စာဖြေဌာန ၂၃၉ ဌာနတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment