Pages

Pages

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 






ရန်ကုန်၊  မတ်  ၇

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ် (၅/၂၀၂၅) ကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ YRTC ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် “YBS ခရီးသည် ၁.၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုလုံး၏ ဘေးကင်းလုံခြုံသည့် ခရီးသည်ပို့ဆောင်ရေးအတွက် YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာဖို့ အဓိက မောင်းနှင်အားမှာ YBS ယာဉ်မောင်းများ ဖြစ်ပါကြောင်း၊ တနေ့တာလုပ်ငန်းဆောင်တာဖြစ်သည့် ယာဉ်မောင်းအလုပ်သည် ခရီးသည်များ ဘေးအန္တရာယ်ကင်းစွာ လိုရာခရီးသို့ရောက်အောင် ပို့ဆောင်ပေးရန် တာဝန်ရှိပါကြောင်း၊ ခရီးသည်များ ပေးချေသည့် ယာဉ်စီးခမှ ယာဉ်မောင်းလုပ်ခလစာများ ပေးဆောင်နေကြခြင်းဖြစ်ရာ ထမင်းရှင်ခရီးသည်များကို ဝန်ဆောင်မှုကောင်းကောင်းဖြင့် ဘေးအန္တရာယ်ကင်း၍ တာဝန်ကျေပွန်စွာ ပို့ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်က ဘေးတံခါးဖွင့်မောင်းသဖြင့် ခရီးသည်ပြုတ်ကျသေဆုံးမှုနှုန်း (၆)ကြိမ်အထိရှိခဲ့ရာ သေဆုံးမှု၊ ဒဏ်ရာရမှုများ ကျဆင်းရေး၊ ယာဉ်မောင်းများ စနစ်တကျဖြစ်စေရေး ယခုလို ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အဲဒီလို ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ခရီးသည်ပြုတ်ကျ သေဆုံးမှုနှုန်း (၂)ကြိမ်အထိကျဆင်းခဲ့ရပါကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ မောင်းနှင်နေရခြင်း၏ အကြောင်းအရင်းမှာ ယာဉ်မောင်းများသည် ပုတ်ပြတ်စနစ်ဖြင့် လုယက် မောင်းနှင်ကြပြီး အခေါက်ရေများများ ရလိုစိတ်ဖြင့် လောဘတရားများကြီးထွားလာကာ ကျော်တက်မောင်း၍ မရလျှင် ဒေါသများထွက်ကာ ရန်လိုစိတ်များဖြင့် ခရီးသည်များနှင့်သာမက ယာဉ်မောင်းအချင်းချင်းလည်း မချေမငံ ဆက်ဆံခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများဖြစ်လာကာ၊ မောဟတရားကြောင့် မိမိလုပ်ရပ်ကို မှန်သည်/မှားသည်၊ အန္တရာယ် ရှိသည်/မရှိသည်တို့ကို  မခွဲခြားနိုင်တော့ဘဲ လမ်းပေါ် YBSယာဉ်များ အချင်းချင်း ကျော်တက်မောင်းနှင်ကြခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်းတို့ကို ပြုမူဆောင်ရွက် လာသည့်အတွက် YRTC အနေဖြင့် လုံးဝခွင့်လွှတ်တော့မည်မဟုတ်ကြောင်း၊ POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများအားလည်း ထိရောက်စွာ စစ်ဆေးအရေးယူနေပြီဖြစ်ကြောင်း၊ YRTC မှထုတ်ပေးသည့် YBS ယာဉ်မောင်း နှင်ခွင့်ကတ် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်း တက်ရောက်ပြီးသူများလည်း မူးယစ်ဆေးဝါး ကင်းစင်ကြောင်း စစ်ဆေးမှု အောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း၊ 

YRTC က စောင့်ကြပ်အရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍ အရေးယူခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိတို့ကိုစစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ မိမိ၏ သတ် မှတ်ကီလိုထက် ပိုမို၍ မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ၏ မိသားစုများ ဘဝပျက်ရသလို မိမိ ကိုယ်တိုင်လည်း ဖမ်းဆီးအရေးယူခံရသည့်အခါ မိမိကို မှီခိုသူ မိသားစုမှာလည်းဘဝပျက်၍ အမင်္ဂလာ ဖြစ်ရကြောင်း၊ YBS ယာဉ်မောင်းများအနေဖြင့် မိမိမိသားစုကို အလုပ်အကျွေးပြုနေရသည့် အသက်မွေးဝမ်းကျောင်း အလုပ်ကို လေးစားကာ ခရီးသည်များအပေါ် သစ္စာစောင့်သိ၍ ဆင်ခြင်မောင်းနှင်ခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟ တရားများ လျှော့ကြရန်၊ YBS စနစ်၏ အဓိကမောင်းနှင်အားမှာ ယာဉ်မောင်းကြီးများဖြစ်ရာ ထိခိုက်သေဆုံးမှု ဒဏ်ရာရရှိမှုများ လျော့ကျအောင် မိမိတို့၏ ကျေးဇူးရှင် ခရီးသွားလုပ်သား ပြည်သူများအား ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းစွာ စည်းစနစ်တကျ ပို့ဆောင်ပေးနိုင်ရေး၊ YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာဖို့ YRTC နှင့်အတူ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်မောင်းများ သိသင့်သိထိုက်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဆွေးနွေးချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကိုလည်းကောင်း၊YRTC၏ တရားလွှတ်တော်ရှေ့နေဒေါ်ယဉ်မြင့်နွယ်က ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်၍ လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန် အချက်များကို လည်းကောင်း၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူကလည်း ယာဉ်တိုက်မှု ဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကိုလည်းကောင်း၊ YRTC ကော်မတီဝင် (၄) ဦးမောင်မြို့နှင့် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေး ဒုတိယဌာနမှူး ဦးသန့်ဇင်တို့က ယာဉ်စည်းကမ်းဖောက် ဖျက်သည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များ ၊ YBSယာဉ်မောင်းများ အများဆုံး စည်းကမ်းဖောက်လေ့ရှိသည့် ပြစ်မှုများအပေါ် သုံးသပ်၍ လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွား ရသည့် အကြောင်းအရင်းများ၊ ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်ပါ ပြစ်ဒဏ်များအား အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြ ပြီး တက်ရောက်လာကြသည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများဖြေဆိုစေခြင်း၊ ယာဉ်မောင်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment