ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်






စစ်တွေ , ဧပြီ ၁၀


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းသည် ယခုဆိုလျှင် အစိုးရသက်တမ်း အချိန်ကာလတစ်ခုကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများကိုလည်း ကောင်းစွာသိရှိပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အားထုတ်ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုသကဲ့သို့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအဆင့်ဆင့်ကို တာဝန်ခွဲဝေပေးအပ်မှုအား စနစ်တကျအဆင့်ဆင့် ကွပ်ကဲသည့်စနစ်ဖြင့် တာဝန်ချထားပေးပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း ကြီးကြပ်ရန်လိုကြောင်း၊ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေတောင်းခံခြင်း၊ လျားထားခြင်းကိစ္စများနှင့်ပတ်သက်၍ ဌာန၏အမှန်အသုံးစရိတ်များအပေါ်အခြေခံ၍ လာမည့်နှစ်အတွင်း အမှန်ကုန်ကျနိုင်မည့်အသုံးစရိတ်များကို အနီးစပ်ဆုံးခန့်မှန်းရေးဆွဲတောင်းခံရသည့်အတွက် အမှန်တကယ်သုံးစွဲရမည့် ငွေစာရင်းခေါင်းစဉ်အလိုက် စနစ်တကျလျာထားတောင်းခံကြရန် ခွင့်ပြုငွေများကိုလည်း မိမိအမှန်တကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းစီမံချက် (Work Plan) လျာထားချက်အတိုင်း သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်အလိုက် ငွေသားစီမံချက်ရေးဆွဲတင်ပြပြီး တင်ပြထားသည့်အတိုင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြရန် အလေးအလွင့်မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် အလေးထားပြောကြားလိုကြောင်း၊ ထို့ပြင် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ရသင့်ရထိုက်၊ ခံစားသင့်ခံစားထိုက်သည့် ဝန်ထမ်းတို့၏အခွင့်အရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်ပျော်ရွှင်မှုရရှိရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ပေးအပ်ကူညီလျက်ရှိကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများကိုလည်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရကြောင်း၊ ထို့ကြောင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများတွင် ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်စေရန် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ အခြေခံပညာကျောင်းများ၊ စစ်တွေဆေးရုံကြီးနှင့် လမ်းမီးတိုင်များ စသည်တို့တွင် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့် စက်သုံးဆီ၊ စားဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှ သယ်ယူပို့ဆောင် ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ရိုးရာယဉ်ကျေးမှုနှင့်အညီ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဝန်ထမ်းများနှင့် သားသမီးများအား ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ ရတနသုတ်နှင့် ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်းပါဝင်ပြီး ကုသိုလ်ပြုဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ထို့နောက်  ရခိုင်ပြည်နယ်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများတာဝန် ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်္ကြန်အမှတ်တရလက်ဆောင်များကို ဌာနဆိုင်ရာများအား ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့အတူ ဧပြီလ ၈ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲမှ ဦးဆောင်ပြီး နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်၌ စာသင်တိုက်ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယအမှူးပြုသော သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ခြင်း၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် ဝတ်ရွတ်အသင်းများက ရတနသုတ်ပရိတ်တရားတော်များအား တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ပွားပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။


တင်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)