စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွားခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွားခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်











ပဲခူး၊ မေ ၃၁

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွား ခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်း အပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွားဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူ များအနေဖြင့် ဆရာမများမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင် တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဌာန်များအား အလေးထား လိုက်နာပြီး ဘက်စုံထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမ ကောင်းများဖြစ်စေရန် ကြိုးစားနေထိုင်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတိုတာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့် တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင် ဝါသနာကိုအရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သစ်လွင်သားဖွားဆရာမ (၂၃)ဦးအတွက် ခန့်အပ်လွှာပေးအပ်ခဲ့သည်။ ၎င်းနောက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်း ပထမနှစ်နှင့် ဒုတိယနှစ်တိုတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုရရှိကြသူ များအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတိုက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ 

ယင်းနောက် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန် သင်တန်းသူ(၁၀)ဦးအား  သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဘာ့သူနာပြု မိခင်ကြီး မီးအိမ်ရှင် ဖလော်ရင့် (စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအားဖြင့် သင်တန်းသူများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ သူနာပြုအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုနောက် သင်တန်းသူများက ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတိုက သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးမြို့ သားဖွားသင်တန်းကျောင်းအနေဖြင့် (၁၈)လသင်တန်း လက်မှတ်ရသားဖွားဆရာမ (၉၀၉)ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ လက်မှတ်ရသားဖွားဆရာမ(၃၃၁)ဦး၊ စုစုပေါင်း(၁၂၄၀)ဦး အောင်မြင်စွာ မွေးထုတ်ပေးထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)