Pages

Pages

PENANG INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိ

နေပြည်တော်၊ မေ  ၄

၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အထိ   မလေးရှားနိုင်ငံ  ပီနန်းမြို့တွင်ကျင်းပခဲ့သည့် PENANG INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒိုအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ၂-၅-၂၀၂၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အောင်ပွဲရ မြန်မာဂျူဒို   အားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေး တံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၂ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မြန်မာ နိုင်ငံ    ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများအပါအဝင်  အားကစားသမားများကို   မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြု ကြောင်း၊  မိမိတို့ဝန်ကြီးဌာနအနေဖြင့်  အုပ်ချုပ်၊  လေ့ကျင့်၊  ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်  မြန်မာဂျူဒိုအသင်း၏ အဖွဲ့ခေါင်းဆောင် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်မြင့်က ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရွှေတံဆိပ် ဆုရရှိခဲ့ကြသည့် အသက် ၁၂ နှစ်အောက် -36 kg ပြိုင်ပွဲ မှ မအိချစ်ဆုစံ၊ -70 kg မှ မယွန်းဝတီစိုး၊ -57 kg မှ မပိုးအိအိလွင်၊ +70 kg မှ  မနန်းသဲနုနုစံနှင့် -55 kg မှ မောင်ထိုက်ထိုက်ကျော်တို့ကို ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် အသက်၁၀ နှစ်အောက် -24 kg မှ မောင်သျှန်ကောင်း ဆက်ပိုင်နှင့် -28 kg မှ မောင်ကောင်းကင်မင်းစစ်တို့ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ကလည်းကောင်း၊ -70 kg မှ မဖြိုးရွှေဇင် ကျော်နှင့် -32 kg မှ မောင်အောင်ဇေထက် တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်း ကောင်း၊ ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် -38 kg မှ မောင်မြတ်ဘုန်းခန့်၊ -32 kg မှ မခေတ်စံနန်းထွဋ်၊ -81 kg မှ မောင်သန့်ဇင် ဝင်းအောင်၊  မြန်မာဂျူဒိုအသင်းအဖွဲ့ခေါင်းဆောင်နှင့် နည်းပြချုပ်တို့ကို မြန်မာ နိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း၊    မြန်မာဂျူဒို အသင်း ဒိုင်လူကြီးနှင့် နည်းပြနှစ်ဦးတို့ကို အားကစားနှင့်  ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အောင်ပွဲရအားကစားသမား များကိုယ်စား အားကစားသမား မပိုးအိအိ လွင်က ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး အခမ်းအနားတက်ရောက်လာကြ သူများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါပြိုင်ပွဲတွင် ဥရောပနိုင်ငံများမှ ကလပ်အသင်းများအပါအဝင်  အာရှနိုင်ငံများနှင့်  အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမား စုစုပေါင်းအင်အား ၅၃၀  အကြိတ်အနယ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာဂျူဒိုအသင်းအနေဖြင့်  ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခု၊ စုစုပေါင်းဆုတံဆိပ် ၁၂ ခုကို မြန်မာနိုင်ငံ အတွက် ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ အောင်ပွဲရမြန်မာဂျူဒို အားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment