Pages

Pages

ကျောင်းနေအရွယ် ကလေးငယ်များကို တောင်းရမ်းခိုင်းပြီး လုပ်စားနေတဲ့ မိဘများကို တာဝန်ရှိသူများ စိစစ်အရေးယူပေးနိုင်ပါရန်


နေပြည်တော်၊ လယ်ဝေးမြို့၊ CB ဘဏ်၊ Best One လက်ဖက်ရည်ဆိုင်၊ G&G ဈေးဆိုင် အနီးဝန်းကျင်မှာ တောင်းရမ်းနေကြတဲ့ ကလေးငယ်များစွာ ရှိပါတယ်။ ကလေးငယ်တွေက တောင်းရမ်းနေတာဖြစ်လို့ အမြင်မတော်တဲ့သူတွေကလည်း ပေးကြ၊ ကမ်းကြပါတယ်။

အဲဒီကလေးငယ်တွေဟာ ဟိုကတစ်ယောက်၊ ဒီကတစ်ယောက် လာရောက်တောင်းရမ်းကြတာမျိုး မဟုတ်ဘဲ မိသားတစ်စုတည်းက မောင်နှမတတွေ တောင်းရမ်းနေကြရတာဖြစ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ် ကလေးငယ်များပါ တောင်းရမ်းနေကြရတာ ဖြစ်ပါတယ်။

စာရေးသူကိုယ်တိုင်လည်း အခါအားလျော်စွာ ပေးကမ်းဖူးပါတယ်။ ဒီမိသားစုအကြောင်း သိကြတဲ့ မြို့ခံတွေကတော့ ဒီလိုတောင်းရမ်းစားသောက်နေတာကို အမြင်မကြည်ကြပါဘူး။ ကလေးတွေနဲ့အတူ မိခင်က လိုက်ပါပြီး ငွေသိမ်းတာကို မြင်တွေ့နေရပါတယ်။ အရွယ်ကောင်း အလုပ် လုပ်နိုင်သေးတဲ့ အရွယ်ဖြစ်ပါတယ်။ သူတို့မိသားစုအကြောင်းကို သိတဲ့ အမျိုးသမီးတစ်ဦးကတော့ "သူတို့ဆွေမျိုးတွေလည်း ရှိတယ်။ သူတို့အဖေလည်း ရှိတယ်။ လုပ်နိုင်ကိုင်နိုင်သေးတဲ့ အရွယ်ကောင်းတွေပဲ။ မိဘတွေက လောင်းကစားလုပ်ပြီး ကလေးတွေကိုကြတော့ လိုက်တောင်းခံနေတယ်။" လို့ ပြောပါတယ်။

လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တွေက စပြီး ၃တန်း၊ ၄တန်းအရွယ် ကလေးတွေကို တောင်းရမ်းခိုင်းနေတဲ့သူတွေဟာ မိဘတွေကိုယ်တိုင် ဖြစ်နေတာတော့ စိတ်မကောင်းစရာပေါ့။ ကလေးတွေကို တောင်းရမ်းခိုင်းတဲ့နေရာမှာ ရသလောက် ပြန်အပ်လို့ မရဘူး။ တစ်ယောက်ကို တစ်နေ့ ၂သောင်း၊ ၃သောင်း ဆိုတဲ့ သတ်မှတ်ချက်ပြည့်မီအောင် တောင်းရမ်းရတယ်လို့ သိရပါတယ်။ အဲဒီတော့ ကလေးတွေဟာ တောင်းရမ်းတဲ့ အဆင့်ကို ကျော်လွန်ပြီး လုယူမတတ် နေ့တွက်ကိုက်အောင် ရုပ်ပျက်ဆင်းပျက် တောင်းရမ်းတဲ့ အဆင့်မျိုး ဖြစ်လာပါတယ်။ ဆိုင်ကယ်ထွက်မရအောင် ဝိုင်းတားပြီးတောင်းတာမျိုး၊ ပိုက်ဆံမပေးရင် ရိုင်းစိုင်းစွာ ပြောဆိုတာမျိုးအထိ လုပ်ပါတယ်။ သူတို့ရဲ့ မိခင်ကတော့ ကလေးတွေနဲ့ မလှမ်းမကမ်းမှာ နေပြီးပိုက်ဆံသိမ်းဖို့ စောင့်နေပါတယ်။

တောင်းရမ်းတဲ့ ကလေးတွေထဲက ၄နှစ်အရွယ် ကလေးတစ်ယောက် ဖျားနေပါလျက်နဲ့ လိုက်တောင်းနေတာကို တွေ့ခဲ့ရတယ်။ ကလေး ဖျားနေတယ်၊ နေမကောင်းရင် ပြန်တော့လေလို့ ပြောတဲ့အခါကြတော့ နေ့တွက်မရသေးလို့ ပြန်လို့မရဘူးတဲ့။ အမေက ရိုက်ပြီး ပြန်လွှတ်တာလို့ ပြောတယ်။

ဒီကလေးငယ်တွေက မူကြိုတက်ရမယ့်အရွယ်၊ ကျောင်းတက်နေရမယ့်အရွယ်တွေချည်းပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိတို့ကိုယ်တိုင် မတတ်နိုင်ရင်တောင် ပရဟိတကျောင်းများမှာ သွားရောက်အပ်နှံပြီး ကိုယ့်ရင်သွေးငယ် သားသမီးများဘဝရှေ့ရေးကို စဉ်းစားပေးဖို့ ကောင်းပါတယ်။ အခုတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို တောင်းရမ်းခိုင်းပြီး ဖခင်နဲ့ မိခင် က လောင်းကစားလုပ်တယ်ဆိုတော့ ရက်စက်လိုက်လေခြင်းပေါ့။

လယ်ဝေးမြို့မှာ ဟိုယခင်ကလည်း အခုလိုပဲ မိသားစုလိုက် တောင်းရမ်းတဲ့ အခြေအနေမျိုးဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဈေးဆိုင်ရှေ့မှာ ကလေးတွေဟာ တောင်းရင်းကနေ လုယူမတတ် အတင်းအဓမ္မတွေ ဖြစ်လာလို့ ဈေးဆိုင်မှာ ဈေးဝယ်သူမလာတော့သည်အထိ ဖြစ်ရပြီး သက်ဆိုင်ရာကို တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းလိုက်ရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခုဖော်ပြပါ မိသားစုမှာလည်း အလားတူ ဖြစ်လာပါပြီ။ ကျောင်းနေအရွယ် ကလေးတွေကို မိဘများကိုယ်တိုင်က တောင်းရမ်းခိုင်းနေတဲ့ လုပ်ရပ်ဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အသိတရားမရှိတဲ့ သူတွေကို ပတ်ဝန်းကျင်က မသင့်လျော်လို့ ပြောဆိုရင်လည်း လက်မခံပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက ထိန်းသိမ်းအရေးယူ ဆောင်ရွက်ပေးမှသာ အသိတရားရပါလိမ့်မယ်။ လယ်ဝေးမြို့မှ တာဝန်ရှိသူများအနေနဲ့ ကျောင်းနေအရွယ်ကလေးငယ်များကို စနစ်တကျ တောင်းရမ်းခိုင်းနေတဲ့ မိဘများကို စစ်ဆေး အရေးယူ ဆောင်ရွက်ပေးဖို့ အမြင်မတော်သူတစ်ဦးအနေနဲ့ တင်ပြလိုက်ရပါတယ်။


ကိုတူး 

No comments:

Post a Comment