ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဆောင်းပါးဆု၊ စာပေထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုရရှိခဲ့ကြသည့်ဝန်ထမ်းများ ဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဆောင်းပါးဆု၊ စာပေထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုရရှိခဲ့ကြသည့်ဝန်ထမ်းများ ဆုချီးမြှင့်


နေပြည်တော်၊ စက်တင်ဘာ ၂၉

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဆောင်းပါးဆု၊ စာပေထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစား ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများ ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆)၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထူးချွန်ဆုရရှိသူဝန်ထမ်းများ၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရရှိကြသူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှု နှင့်ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝမှုများကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို သွန်သင်ပံ့ပိုးကူညီခဲ့သည့် မိဘများကိုလည်း အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ထို့ပြင်ဝန်ကြီးဌာနအဆင့် သင်တန်းများ၊ ပြည်ပသင်တန်းများနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရသူ အရာထမ်း/အမှု ထမ်းများကိုလည်း နိုင်ငံ့ဂုဏ်သာမက ဝန်ကြီးဌာနဂုဏ်ကိုပါ မြှင့်တင်ကြိုးပမ်းပေးခဲ့ကြ၍ အထူးပင်ဝမ်းမြာက်ဂုဏ်ယူအသိ အမှတ်ပြုပါကြောင်း၊ သင်ကြားတတ်မြောက်လာသည့် အသိပညာ၊ အတတ်ပညာနှင့်ဗဟုသုတများကို အကျိုးရှိစွာအသုံးချ၍ မိခင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အားထားရသည့်ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ငါးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၀၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် တတိယဆုရရှိသူတစ်ဦး၊ ပြည်ပမဟာဘွဲ့သင်တန်းတွင် စာပေထူးချွန်ဆုရရှိသူတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဝန်ကြီးဌာနအဆင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၂၆ ဦး၊ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးအသင်း ဒုတိယဆု၊ အမျိုးသားဖူဆယ်အသင်း ဒုတိယဆု၊ ဂေါက်သီး(အလွတ်တန်း) အသင်းလိုက် ဒုတိယဆု၊ ဂေါက်သီး (အလွတ်တန်း) တစ်ဦးချင်းဒုတိယဆုနှင့် ၂၀၂၅ ခုနှစ် (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသည့် ဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများကို ဂုဏ်ပြုဆုများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြသော ဝန်ထမ်း သားသမီးများထံ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များအား ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)