မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့


နေပြည်တော် ၊ စက်တင်ဘာ ၁၈

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက် နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိမြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၄၀၄ ဦး စစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)