ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက် ၊ ပုဂံလမ်းနှင့် နှင်းဆီမြိုင်လမ်းထောင့်ရှိသန်မြန်သူလုပ်ငန်းစုအသင်းပိုင်မြေကွက်တွင် လစဉ်ကြေး/နှစ်စဉ်ကြေးအား သတ်မှတ်ချက်များနှင့်အညီ ပေးသွင်း၍ နှစ်ပေါင်း(၃၀)ကျော် မှီခိုနေထိုင်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား) မိအို ဖအိုများ အိမ်ထောင်စုပေါင်း အိမ်ခြေ(၄၀)ကျော်တို့မှ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရိုသေစွာဖြင့် အသနားခံတင်ပြ လျှောက်ထားအပ်ပါသည်။
အထက်တင်ပြပါ သန်မြန်သူလုပ်ငန်းစုအသင်းတွင် နေထိုင်လျှက်ရှိကြသော မိသားစုဝင်များသည် ယနေ့ထိတိုင် လစဉ်ကြေးများအား မပျက်မကွက်ပေးသွင်း၍ နေထိုင်ခဲ့ကြပြီး ခေတ်အဆက်ဆက် နိုင်ငံရေး ကင်းရှင်းပြီး ရိုးသားစွာ နေထိုင်ခဲ့ကြသော ဝန်ထမ်းမိသားစုများ၊ ပင်စင်စား မိအို ဖအိုများဖြစ်ကြပြီး မှီခို သားသမီးများမှာလည်း အခြေခံပညာရေးမှစ၍ တက္ကသိုလ်အဆင့်ထိ ပညာသင်ကြားဆဲ ကျောင်းသား ကျောင်းသူများဖြစ်ကြသည့်အပြင် ယခုကဲ့သို့အတင်းအဓမ္မ(အမြန်) ဖယ်ရှားရွှေ့ပြောင်းရန် ကိစ္စရပ်မှာလည်း မိမိတို့ မိသားစုဝင်များအတွက် ပူပင်သောကများစွာဖြစ်ပေါ်၍ သေဒဏ်ကဲ့သို့ ပြင်းထန်သောအမိန့်ညွှန်ကြားချက် ဖြစ်နေပါသည်။
သို့ဖြစ်ပါ၍နှစ်ပေါင်း(၃၀)ကျော် သတ်မှတ်ညွှန်ကြားထားသော လစဉ်ကြေးများအား ပေးသွင်း၍ နေထိုင်ခဲ့သော ကျွန်တော်တို့ မိသားစုအိမ်ခြေ(၄၀)အပေါ်တွင် ကျောင်းသားကျောင်းသူများ၏ ပညာရေးကို ထောက်ရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ၊ ပင်စင်စား မိအို ဖအိုများကို စာနာ ငဲ့ညှာထောက်ထားခြင်းအားဖြင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဖက်ဖက်အရပ်ရပ်တွင် အားနည်းနေသော ကျွန်တော်တို့၏ အသနားခံစာတင်ပြလျှောက်ထားမှုအပေါ်တွင် မေတ္တာကရုဏာရှေ့ထား၍ ယခုပြောင်းရွှေ့ဖယ်ရှားခိုင်းသည့်ကိစ္စရပ်အား ခေတ္တယာယီ(တစ်နှစ်ခန့်) ဆိုင်းငံ့ပေးပါရန်နှင့် ယခုပေးသွင်း နေသော လစဉ်ကြေးအား သန်မြန်သူအသင်းစုမှ ထပ်မံ၍ ပြင်ဆင်တိုးမြှင့်သတ်မှတ်သော လစဉ်နှုန်းထားဖြင့် ဆက်လက်နေထိုင်ခွင့်ပြုနိုင်လျှင်လည်းကောင်း(သို့တည်းမဟုတ်) နိုင်ငံတော်မှ သတ်မှတ်ထားသော အခွန်အား ပေးဆောင်၍ ကျွန်တော်တို့မိသားစုဝင်များအား ဆက်လက်နေထိုင်ခွင့်ပြုနိုင်ရေးအတွက် ရိုသေစွာ အသနားခံတင်ပြအပ်ပါသည်။
အသနားခံစာတင်ပြလျှောက်ထားသူများ
https://t.me/MyanmarNationalPost
(မှတ်ချက် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တကွ နိုင်ငံတော်အကြီးအကဲများထံ ပြည်သူများက ပေးပို့ထားသည့်အတိုင်း တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ အခက်အခဲကိုလည်း စာနာထောက်ထား ပေးနိုင်ရန် ဖော်ပြပေးခြင်း ဖြစ်ပါသည်။)











No comments:
Post a Comment