တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၁၅

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၁၄-၁၁-၂၀၂၅ ရက်နေ့၊ ၀၉၀၀ နာရီမှ ၁၇၀၀ နာရီအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ကျိုဗန်ထန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ခမ်ကင်းလာမနီဝုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ၊ တော်ဝင်ရဲတပ်ဖွဲ့၊ လက်ထောက်ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဇီရဘ်ဟော့ဘူရီဒတ်ချ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး မစ္စတာ ဖန်မန်ထရုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၊ စင်ကာပူနိုင်ငံ အခြေစိုက်အင်တာပိုလ်ရုံးခွဲနှင့် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဗဟိုဌာန (LMLECC) တို့မှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက် ဝန်ကြီး မစ္စတာ လျိုကျုံးယီ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှုများတိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသားနှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ ပိတ်မိနေသူများကိုကယ်ဆယ်ရန်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင်အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆက်သွယ်ရေးစနစ်နှင့် အွန်လိုင်းတို့ကို အသုံးပြုပြီး လိမ်လည်သောမှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမဟာမိတ်အဖွဲ့  ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသောနေရာများအား ရှင်းလင်းဖယ်ရှားရေးနှင့် ပြည်နှင်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေး၊ အွန်လိုင်းလိမ်လည်မှုပြုလုပ်နေသော အဓိကနေရာများအား ပူးတွဲထိန်းချုပ်ရေး စသည့် ခေါင်းစဉ် ၃ ရပ်ဖြင့် ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာ အစည်းအဝေး တက်ရောက်လာကြသော နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များက အသီးသီး ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကား အသီးသီးပြော ကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၁၅-၁၁-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)