Pages

Pages

ရှေးဟောင်းကျောင်းတော်ကြီးအတွင်း ပြန်လည်တည်ထားပူဇော်သည့် ဇေယျသိဒ္ဓိရန်အောင်မြင်မိုဃ်းကောင်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲ အထူးဓမ္မသဘင် အောင်မြင်စွာ ပြီးမြောက်













နေပြည်တော်၊ နိုဝင်ဘာ (၁၆)

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးအတွင်းရှိ ဇေယျသိဒ္ဓိရန်အောင်မြင်မိုဃ်းကောင်းစေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ဘေးတွင် ပြိုကျပျက်စီးခဲ့သဖြင့် ပြန်လည်တည်ထား၍ ထီးတော်တင်လှူပူဇော်ပွဲ အောင်ပွဲ ဗုဒ္ဓပူဇနိယ အထူးဓမ္မသဘင်ကို (၅)ညတိုင်တိုင် ကျင်းပခဲ့ပြီး (၁၆-၁၁-၂၀၂၅) ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဇေယျသိဒ္ဓိရန်အောင်မြင်မိုဃ်းကောင်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲ ကာလအတွင်း (၉-၁၁-၂၀၂၅) ရက်နေ့ညက ဒိန်းဒေါင်၊ အကယ်ဒမီ အုံးသီး၊ ငြိမ်းချမ်း၊ နေခြည်ငြိမ်းချမ်းနှင့် အဖွဲ့က ဖျော်ဖြေကြသည်။ (၁၀-၁၁-၂၀၂၅) ရက်နေ့ညတွင် အကယ်ဒမီ ရုပ်ရှင်မင်းသားကြီး ဦးနေအောင်၊ အမျိုးသားရေးတေးသံရှင် လင်းထိုက်၊ အောင်ခန့်ပိုင်၊ ဖြူဖြူထွေး၊ လှိုင်သာယာကိုကြီးနှင့်အဖွဲ့တို့က ဖျော်ဖြေခဲ့ကြပြီး (၁၁-၁၁-၂၀၂၅) ရက်နေ့တွင် ထီးတော်တင်လှူပူဇော်ပြီး စေတီတော် ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ထီးတော်တင်လှူပူဇော်ခြင်း မတည်အလှူရှင် ဦးအောင်ကိုလတ် ၏ မွေးနေ့အလှူအဖြစ် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ညပိုင်းတွင် စတားကောင်းထက် ဦးဆောင်သော ဟားစတိုင်လ်အဖွဲ့မှ ဖျော်ဖြေခဲ့ကြသည်။

အထူးဓမ္မသဘင်ကို (၁၂-၁၁-၂၀၂၅) ရက်နေ့ညမှ စတင်ကျင်းပခဲ့ပြီး ဘဒ္ဒန္တသဒ္ဓမ္မ (မြနန်းဆရာတော်) က သုံးလေးလီ တရားတော်ကို ဟောကြားချီးမြှင့်ခဲ့ပြီး မတည်အလှူရှင်များနှင့် (၇)ရက်သားသမီးအလှူရှင်များက နဝကမ္မဝတ္ထုငွေ သိန်း(၅၀)ကျော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (၁၃-၁၁-၂၀၂၅) ရက်နေ့ညတွင် ဒေါက်တာအရှင်သောပါက (ဇေတဝန်ဆရာတော်) မှ အပြစ်ကင်းအောင်နေတရားတော် ကို ဟောကြားချီးမြှင့်ခဲ့ပြီး မတည်အလှူရှင်များနှင့် (၇)ရက်သားသမီး အလှူရှင်များက ဝတ္ထုငွေ သိန်း(၆၀)ကျော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (၁၄-၁၁-၂၀၂၅) ရက်နေ့ညတွင် ကမ္ဘာကျော်ဆရာတော် သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ - မစိုးရိမ်) မှ ဘဝနွေထဲက ဆောင်းရာသီတရားတော်ကို ဟောကြားချီးမြှင့်ခဲ့ရာ မတည်အလှူရှင်များနှင့် (၇)ရက်သားသမီးအလှူရှင်များက အလှူငွေ သိန်း (၉၀)ကျော် ဆက်ကပ်လှူဒါန်းရာ ဆရာတော် က ရှေးဟောင်းကျောင်းတော်ကြီးတွင် ဘုရားပြန်လည်ပြုပြင်ခြင်းအပါအဝင် သာသနာပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြန်လည်စွန့်လွှတ် လှူဒါန်းခဲ့သည်။

(၁၅-၁၁-၂၀၂၅) ရက်နေ့ ညတွင် ဘဒ္ဒန္တဝိမလာဘိဝံသ (ဟိတဓရဆရာတော်) က စိတ်ကောင်းမပျောက်စေနဲ့တရားတော်ကို ဟောကြားချီးမြှင့်ရာ မတည်အလှူရှင်များနှင့် (၇)ရက်သားသမီးအလှူရှင်များက အလှူငွေ သိန်း(၁၀၀)ကျော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အထူးဓမ္မသဘင် နောက်ဆုံးည (၁၆-၁၁-၂၀၂၅) ရက်နေ့ညတွင် ရွှေရတုတိပိဋက နိကာယ်ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းတိပိဋကဆရာတော်)မှ စိုးရိမ်ထိတ်လန့်မှုကင်းဝေးစေရန်တရားတော်ကို ဟောကြားချီးမြှင့်ရာ မတည်အလှူရှင်များနှင့် (၇)ရက်သားသမီးအလှူရှင်များက အလှူငွေ သိန်း(၁၁၀)ကျော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အထူးဓမ္မသဘင် နောက်ဆုံးည (၁၆-၁၁-၂၀၂၅) ရက်နေ့ည တရားပွဲအပြီးတွင် ရပ်နီးရပ်ဝေးမှ တရားနာလာကြသူများအား ရှေးဟောင်းကျောင်းတော်ကြီးဆရာတော် ဦးပညာမှ ကျွန်းနက်ဗုဒ္ဓရုပ်ပွားဆင်းထုတော်၊ ရှင်သီဝလိရုပ်ပွားဆင်းထုတော်၊ ကျွန်းနက်ပုတီး၊ ကျွန်းနက်သံလျက်နှင့် ငွေသားဆုမဲ (၁၅)ခုကို မဲဖောက်၍ လှူဒါန်းပေးခဲ့ပြီး ဇေယျသိဒ္ဓိရန်အောင်မြင်မိုဃ်းကောင်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲ အထူးဓမ္မသဘင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment