ဒီနေ့ကျွန်တော်တို့မိဘပြည်သူများနှင့် မီဒီယာများကို အသိပေးပြောကြားလို တာကတော့ မြဝတီဒေသမှာ ပြုလုပ်နေတဲ့ Online လောင်းကစားမှု တိုက်ဖျက်ချေမှုန်းရေး ကိစ္စတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကို ပြောလိုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မနက်မှာပဲ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေကို ဌာနဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်း ခဲ့ပါတယ်။ ပထမဦးစွာ အဲဒီထဲမှာရှိနေတဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက် အအုံ ၃ လုံးကို အရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ အဲဒီထဲကနေ စိစစ်ဆဲ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိခဲ့ပါတယ်။ Online လောင်းကစားမှုမှာ အသုံးပြုနေတဲ့ ဖုန်းအလုံးရေ တစ်သောင်းနီးပါးလောက် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကို ထွက်ပြေးမယ့်သူတွေကိုလည်း ကျွန်တော်တို့ ပိတ်ဆို့ ဖမ်းဆီးလျက် ရှိပါတယ်။ ဒီနယ်မြေမှာ Online လောင်းကစားမှုလုပ်ဆောင်နေတဲ့ နယ်မြေ ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ နံပါတ်တစ်ကတော့ KK Park နယ်မြေ ၊ နံပါတ်နှစ်ကတော့ ရွှေကုက္ကိုလ်နယ်မြေနဲ့ နံပါတ်သုံးကတော့ ကျောက်ခတ်နယ်မြေဖြစ်ပါတယ်။
KK Park နယ်မြေကတော့ အားလုံးသိတဲ့အတိုင်းပဲ မြဝတီမြို့ရဲ့ တောင်ဘက်မှာရှိတယ်။ ရွှေကုက္ကိုလ် နယ်မြေကတော့ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတယ်။ ကျောက်ခတ်ဒေသကတော့ တောင် ဘက်အစွန်ဆုံးပေါ့။ KK Park ရဲ့တောင်ဘက်မှာရှိတဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒီနေရာ တွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာကလည်း ကျွန်တော် ယခင်တုန်းက အတိအလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ KK Park နယ်မြေနဲ့ ပတ်သက်ပြီး ကျွန်တော် အားလုံးကို ရှင်းလင်းပြောပြတဲ့နေရာမှာ အထောက်အထားတွေနဲ့ ဘယ်သူတွေနဲ့ ဘယ် အချိန်တုန်းက စာချုပ်ချုပ်ခဲ့တယ်၊ KNU အဖွဲ့ထဲကသူတွေနဲ့ စာချုပ်ဘယ်လိုချုပ်ခဲ့တယ်၊ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်၊ ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ကျွန်တော် ရှင်းလင်း ပြောကြားပြီးဖြစ်ပါတယ်။ KK Park နယ်မြမှာ အဓိကကတော့ မုလအိအလင်းကုမ္ပဏီ၊ Tran-Asia International Holding Group (Thailand)ကုမ္ပဏီတွေ ပါဝင် ပတ်သက်တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်နယ်မြေမှာကတော့ Myanmar Yatai International Holding Group ကုမ္ပဏီ ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ကျောက်ခတ်နယ်မြေမှာကတော့ Chongkhaed Garden Resort ကုမ္ပဏီက ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ရောက်ရှိပြီး Online လောင်းကစားမှုတွေ ၊ Online လိမ်လည်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတဲ့ဟာကို ကျွန်တော်တို့ရှင်းပြပြီး ဖြစ်ပါတယ်။
အဲဒီကိုရောက်ရှိလာတဲ့ Online လိမ်လည်တဲ့ နိုင်ငံခြားသားတွေဟာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းလောက်က တစ်ဖက်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ မြဝတီမြို့နဲ့ အလှမ်းကွာဝေးတဲ့ ခုနကနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီလူတွေကိုပဲ ချဉ်းကပ်ပြီးတော့ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေက အဲလူတွေ နဲ့ ဆက်စပ်ပြီးတော့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကို ကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ Online လောင်းကစားမှုတိုက်ဖျက်ရေးတွေ စတင်ဆောင်ရွက်ခဲ့တယ်။ တဖြည်းဖြည်း နယ်မြေငြိမ်းချမ်းလာတာနဲ့အမျှ နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး Online လိမ်လည်မှု အမြစ်ပြတ်ပပျောက်ရေးအတွက် ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ၊ စစ်သည်တွေ၊ ဝန်ထမ်းတွေ အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဒီနယ်မြေမှာ တရားမဝင် ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့စစ်ဆေးပြီး ဖြစ်ပါတယ်။ တချို့ စစ်ဆေးချက်မှတ် တမ်းတွေကို မီဒီယာများ၊ မိဘပြည်သူများသိအောင် ကျွန်တော်တို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အဲဒီထုတ်ပြန်ပြောကြားချက်ကို ကြည့်ရင် ဒီလူတွေဟာ ဘယ်ကနေရောက်လာလဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာကို အထင်အရှားသိနိုင်မှာဖြစ်ပါတယ်။
ပြီးရင်တော့ ကျွန်တော်တို့ ခုန က ပြောတဲ့နေရာ ၃ ခု KK Park ၊ ရွှေကုက္ကိုလ် ၊ ကျောက်ခတ်ဒေသ ၊ ဒီနေရာတွေရဲ့ အခြေခံ လူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး စတာတွေက တစ်ဖက်နိုင်ငံကနေရရှိနေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကန့်ကွက်လို့ တစ်ဖက်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး ပိတ်ပင်တာမျိုးတွေ ဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်။
ကျွန်တော်တို့ အနေနဲ့ ပထမဦးဆုံး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လို နယ်မြေမျိုးမှာ ပြန်လည်ပြီး online လောင်းကစားမှုတွေ အခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့ အဆောက်အအုံတွေကို ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း စက်ယန္တရားတွေနဲ့ ဖြိုဖျက်ခဲ့တာတွေ ရှိတယ်။ အဆင့်မြင့် ဖောက်ခွဲခဲ့တာမျိုးတွေ ရှိပါတယ်။ ဒီဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်နိုင်ငံအနေနဲ့က ဒီဖောက်ခွဲလိုက်တဲ့အစအနတွေ သူတို့နိုင်ငံထဲမှာကျတယ်ဆိုပြီး ကန့်ကွက်တဲ့ဟာမျိုးလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဗီဒီယို မှတ်တမ်းတွေ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ သူတို့ကို ဒီအစအနတွေမကျဘူးဆိုတာလည်း ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြခဲ့ပြီးဖြစ်ပါတယ်။
ဒါကျွန်တော် ပုံတစ်ပုံကိုပြလိုပါတယ်။ ဒီမှာဆိုရင် ဒါ KK Park ထဲမှာရှိတဲ့ အဆောက်အအုံကို ကျွန်တော်တို့ ဖြိုချဖျက်ဆီးတာ ဖြစ်ပါတယ်။ ဖြိုချဖျက်ဆီးတဲ့နေရာမှာ ဒီအဆောက်အအုံဟာ တည့်တည့်ပဲအောက်ကို ပြိုကျသွားတာဖြစ်ပါတယ်။ အဆင့်မြင့်ဖောက်ခွဲနည်းပညာနဲ့ အသုံးပြုတဲ့အတွက်ကြောင့်မို့လို့ အောက်ကိုပြိုကျသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်နိုင်ငံထဲကိုကျဖို့ နေနေသာသာ သူ့ရဲ့ဘေးနားမှာရှိတဲ့ သစ်ပင်တွေတောင် မလှုပ်ဘူး ဆိုတာတောင် တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံရဲ့ နယ်စပ်အနီးမှာကပ်နေတဲ့ Hotel တစ်လုံးကိုလည်း ကျွန်တော်တို့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဖြိုချဖျက်ဆီးတဲ့ နေရာမှာလည်း တစ်ဖက်နိုင်ငံကို ကျရောက်ဖို့နေနေသာသာ တစ်ဖက်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ နယ်ခြားမျဉ်းဖြစ်တဲ့ ဒီမြစ်ထဲ ကိုတောင်မှ အစအနကျတာ မတွေ့တာကို ထင်ရှားစွာတွေ့ နိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ အဆောက်အအုံများ ဖြိုချ ရှင်းလင်းခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခု ဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီမှာ ကျွန်တော်တို့တွေ့ ရတာကတော့ ဒီနေ့မှာတွေ့ရတဲ့ ကြေညာချက်ဖြစ်ပါတယ်။ ဒီထဲမှာတော့ online လိမ်လည်မှု တွေအနေနဲ့ အမေရိကန်ကို ကာကွယ်ဖို့ ဆိုပြီးတော့ District of Columbia Scam Center Strike Force ကိုဖွဲ့စည်းခဲ့တယ်။ SCSF ကို ဖွဲ့စည်းခဲ့တယ်လို့ သူတို့ကြေညာလာ တာကိုတွေ့ရပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အရှေ့တောင်အာရှ နိုင်ငံတွေကို အခြေပြုပြီးတော့ cryptocurrency နဲ့အပါအဝင် ဆိုက်ဘာလိမ်လည်မှုတွေကို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ထူးထူးခြားခြား အသုံးအနှုန်းလေးတွေ ပါတာကို ကျွန်တော်ပြောပြချင်ပါတယ်။ ထူးထူး ခြားခြား အသုံးအနှုန်းလေးတွေက တတိယ အပိုဒ်လောက်မှာ တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ (TCOs) တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများ နှင့် ယုံကြည်မှု၊ လိမ်လည်မှုအမျိုးမျိုးကို အသုံးပြုပြီး နေ့စဉ် အမေရိကန်များ၏ စုဆောင်း ငွေများ အသက်များကို ခိုးယူလျက် ရှိသည်ဆိုပြီး ပါတာတွေ့ရပါတယ်။ နောက်တစ်ပိုဒ် မှာတော့ လိမ်လည်မှုစင်တာတွေဟာ အမေရိကန်မှ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ် ထဲသို့ မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှု ရှိအောင်ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲထား တာမျိုးလည်းတွေ့ရပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည် ဆိုပြီးလည်း ပါတာတွေ့ရပါတယ်။ သူတို့စစ်ဆင်ရေး ဘယ်လိုလုပ်ခဲ့လဲ မလုပ်ခဲ့လဲဆိုတာ တော့ ကျွန်တော် တို့လည်း မသိပါဘူး။ မြေပြင်မှာလည်း တွေ့ရတာတော့ မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နဲ့ အတူပူးပေါင်းဆောင်ရွက်ရန် ဘန်ကောက် ကို FBI agent များ စေလွှတ်ခဲ့သည်ဆိုတာလည်း ပါပါတယ်။
ဒါဟာ သူတို့ထုတ်ပြန်တဲ့ နှစ်မျက်နှာ လောက်ရှိတဲ့ ထုတ်ပြန်ချက်ထဲက ကျွန်တော်တို့ ထုတ်နုတ်ပြီးပြောတာ ဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနက ပြောတဲ့ online လိမ်လည်မှု၊ online လောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက် ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ အရှေ့မြောက်ဒေသ လောက်ကိုင်ဒေသမှာ online လောင်းကစားမှုတွေ၊ online လိမ်လည်မှုတွေကို စသိခဲ့တဲ့အတိုင်း တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု Task Force ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ အခုထိလည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ပြီးရင်တော့ ကရင်ပြည်နယ်၊ မြဝတီဒေသ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Trilateral Cooperation) ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိပါတယ်။ အခုထိလည်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့တဲ့ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ် ၆ နိုင်ငံ online လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေး အစည်းအဝေး တက်ရောက်ခဲ့ပြီး ဒီအဖွဲ့ နဲ့လည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ဒီ online လိမ်လည်မှု၊ online လောင်းကစားမှု ဆိုတာသည် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံတည်းကိုပဲ ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ လိမ်လို့ရတဲ့ နိုင်ငံတကာက နိုင်ငံသူနိုင်ငံသားတွေကိုလည်း လိမ်လည်နေတာဖြစ်ပါတယ်။ ဒါကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ပြတ်ပြတ်သားသားတိုက်ဖျက်ဖို့လည်း နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ လူထုတွေ့ဆုံပွဲတွေမှာလည်း ဒါကိုပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၊ မီဒီယာများအားလုံးအနေနဲ့ ဒီ online လိမ်လည်မှုတွေ၊ online လောင်းကစားမှုတွေနဲ့ ပတ်သက်ပြီး သတင်းရရှိလာရင် သက်ဆိုင်ရာကို သတင်းပေးကြပါ။ ပူးပေါင်းဆောင်ရွက်သွားကြပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ၆ နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တွေ ဒေသတွင်းအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီ online လိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment