Pages

Pages

သီလဝါဆိပ်ကမ်းတွင် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော (Floating Storage Unit – FSU) ဆိုက်ကပ်၊ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေ


နေပြည်တော်၊ ဒီဇင်ဘာ ၂၀

လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယမန်နေ့က ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းရှိ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် Everest Energy Solution Ltd. နှင့် CNTIC Vpower Group Holdings Ltd. တို့မှ တာဝန်ရှိသူများက သန်လျင် ၂၀၀ မဂ္ဂါဝပ်နှင့် သာကေတ ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) အား FSU တွင် သိုလှောင်ထားရှိမှုအခြေအနေ၊ LNG အား ဓာတ်ငွေ့သို့ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ ဓာတ်အားပေးစက်များ စမ်းသပ်မောင်းနှင်နေမှု အခြေအနေနှင့် ကနဦးဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းလျာထားရက်များအလိုက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ LNG သည် ဈေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရေး၊ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ လိုအပ်ချက်များရှိပါက အချိန်မီတင်ပြသွားရန်မှာကြားပြီး သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်း MCV ဆိပ်ခံတံတား (Jetty)ပေါ်သို့ သွားရောက်၍ FSU ဆိုက်ကပ်ထားရှိမှုအခြေအနေ၊ FSU တွင် သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်အား ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) သို့ ပေးပို့နေမှုအခြေအနေနှင့် LNG အား သဘာဝဓာတ်ငွေ့ပြန်လည် ပြုလုပ်နေမှုထိန်းချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

သာကေတနှင့် သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်နိုင်ရန်အတွက် LNG သိုလှောင်သင်္ဘော FSU သီလဝါဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခြင်း၊ ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သင်္ဘော FSU ဘေးတွင် ရောက်ရှိဆိုက်ကပ်၍ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit) ကို စမ်းသပ်မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ပထမ အဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်သည်။ ဒီဇင်ဘာ ၁၇ ရက်မှစတင်၍ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်းဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်၍ ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #MNP 

No comments:

Post a Comment