အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက Walk For Peace ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုင်ပေါင်း ၂၃၀၀ ကျော်ကို လှမ်းလျှောက်ချီတက်နေခဲ့တာ ၂လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်ဆရာတော် ဦးဆောင်တဲ့ နိုင်ငံပေါင်းစုံက သံဃာတော်များရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ပြည်သူများကလည်း အသိအမှတ်ပြုကြသလို ကမ္ဘာအရပ်ရပ်မှာလည်း ဆရာတော်များရဲ့ ဆောက်ရွက်ချက်က ထင်ပေါ်လာခဲ့ပါတယ်။
အစောပိုင်းက သတိမထားမိကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဆရာတော်များ ကို ဒေသဆိုင်ရာ အာဏာပိုင်များက အသိအမှတ်ပြုသလို ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်ကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒေသခံပြည်သူတွေကလည်း ဆရာတော်များ လမ်းလျှောက်နားတဲ့အချိန်မှာ ဆရာတော်များရဲ့ အနီးပတ်ဝန်ကျင်မှာ လာပြီး ဆရာတော်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို စိတ်ဝင်တစား လာရောက်နားထောင်ကြတာကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုလို နေရာမျိုးမှာ ဗုဒ္ဓသားတော် သံဃာတော်များရဲ့ တရားတော်တွေကို လူအများစုက စိတ်ပါဝင်စားစွာ လာရောက် နားထောင်တယ်ဆိုတာ ရှားပါတယ်။ ရှိခဲ့ရင်တောင် အခုလောက်များပြားတဲ့ လူတွေက စိတ်ဝင်တစား နာယူတယ်ဆိုတာမျိုး မရှိပါဘူး။
မြန်မာ၊ ထိုင်းတို့မှာလို တရားပွဲကို စနစ်တကျ ကျင်းပတာမျိုးမဟုတ်သည့်တိုင်အောင် လာရောက်နာယူသူတွေ စိတ်ဝင်တစား နာယူကြတာက နာယူသူတွေအတွက် ကောင်းကျိုး ဖြစ်သလို ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်တဲ့ ဆရာတော်တွေအတွက် သူတို့ရဲ့ ခရီးပန်းတိုင်ကို အရောက်လှမ်းဖို့ ပိုမိုအားတက်ဖွယ်ရာ ဖြစ်စေပါတယ်။
တခါတရံမှာ နမောတဿ အစချီပြီး ပရိတ်ရွတ်ဖတ်ပေးတာကိုလည်း တွေ့ရပါတယ်။ ဗီယမ်နမ်ဆရာတော် အရှင်ပညာကာရ က လူထုကို တရားဟောတဲ့နေရာမှာ ဗုဒ္ဓရဲ့တရားတွေကိုပဲ အခြေခံပြီး အလွယ်ကူဆုံးနည်းနဲ့ နားလည်လွယ်အောင် ဟောကြားပါတယ်။ ဆရာတော် အင်္ဂလိပ်လိုဟောတဲ့ တရားကို နာယူပြီး စာရေးသူ နားလည်မှတ်မိသလောက် ပြန်ပြောရရင် ဆရာတော်ရဲ့ ဂါထာက BE WELL HAPPY and PEACEFUL ဆိုတာပါပဲ။ မိမိကိုယ်တိုင် ကျန်းမပျော်ရွှင်ငြိမ်းချမ်းပါစေ၊ မိသားစုဝင်များ ကျန်းမပျော်ရွှင်ငြိမ်းချမ်းပါစေ၊ မိမိမြို့နယ်အတွင်းရှိ သတ္တဝါတွေ ကျန်းမပျော်ရွှင်ငြိမ်းချမ်းပါစေ၊ အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြသူတွေ ကျန်းမပျော်ရွှင်ငြိမ်းချမ်းပါစေ၊ စင်္ကြာဝဠာအတွင်းမှာ ရှိသူတွေ ကျန်းမပျော်ရွှင်ငြိမ်းချမ်းပါစေ ဆိုတဲ့ မေတ္တာပို့ကိုပဲ ရောက်လေရာမှာ မျှဝေပေးပါတယ်။ နောက်တစ်ချက်ကတော့ ဆရာတော်က စိတ်ဝင်တစားနဲ့ ရောက်လာကြသူတွေကို ဝင်လေ၊ ထွက်လေ ခဏတာရှုမှတ်ဖို့လည်း လမ်းညွှန်ပြသပါတယ်။ ဒီနေရာမှာ ဆရာတော်က ကျွန်တော်တိုံ လူတွေရဲ့ စိတ်တွေ ပျံ့လွင့်နေပုံကို monkey mind ဆိုတဲ့ စကားလုံးနဲ့ ယှဉ်ပြပါတယ်။ လူတွေရဲ့ အတွေးတွေဟာ အတိတ်ကို ရောက်သွားလိုက်၊ မနက်ဖန်အတွက် တွေးနေလိုက် ပျံ့လွင့်နေပုံကို ရှင်းပြပြီး ဝင်လေ၊ ထွက်လေကို သတိမပြတ် ရှုမှတ်ပြီး ပစ္စုပ္ပန်ကို မျက်မှောက်ပြုနိုင်ဖို့ လမ်းညွှန်တာမျိုးဖြစ်ပါတယ်။
ဆရာတော်က တရားဟောတဲ့ နေရာမှာ ဗုဒ္ဓကိုသာ ယုံကြည်ကိုးကွယ်ရမယ်လို့ မပြောပါဘူး။ ဗုဒ္ဓရဲ့ တရားတော်တွေဟာ နေ့စဉ်လူမှုဘဝမှာ ပျော်ရွှင်ငြိမ်းချမ်းမှုရစေတယ်ဆိုတာကို လက်တွေ့ကျကျ ဟောကြားပြသနေခြင်း ဖြစ်ပါတယ်။ တခါတရံမှာ စိတ်ဝင်တစားဖြစ်နေတဲ့ လူထုပရိတ်သတ်ကို ဆရာတော် အရွှန်းဖောက်လိုက်တဲ့အခါ ပွဲကျသွားတာလေးတွေကလည်း ပီတိဖြစ်စရာပါ။
ဆရာတော်များရဲ့ ပင်ပန်းဆင်းရဲခံပြီး ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်ဟာ အတိုင်းထက်အလွန် အောင်မြင်တယ်လို့ ရှုမြင်မိပါတယ်။ နေ့စဉ် မြင်တွေ့ရတဲ့ ဆရာတော်များရဲ့ ပုံရိပ်တွေဟာလည်း မရိုးရပါဘူး။ စာနာမှုနဲ့ မေတ္တာတရားကို အထင်အရှား ပြသတဲ့ ဆရာတော်တွေရဲ့ မေတ္တာဟာ ချက်ချင်းလက်ငင်းကို မေတ္တာရောင်ပြန်ဟပ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဤသို့ စွန့်လွှတ်အနစ်နာခံကာ လမ်းပြသည့်အတွက်လည်း ကြည်ညိုဦးခိုက်မိပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News









No comments:
Post a Comment