သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဆရာတော်ကြီးက စစ်တွေမြို့ပေါ်ရှိ သံဃာတော်များအား သင်္ကန်းများဆက်ကပ်၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဆရာတော်ကြီးက စစ်တွေမြို့ပေါ်ရှိ သံဃာတော်များအား သင်္ကန်းများဆက်ကပ်၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း



စစ်တွေ    ၊   ဇန်နဝါရီ   ၁၉

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များလှူဒါန်းခြင်းနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်း၌ကျင်းပသည်။

အခမ်းအနားတွင် စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ပြည်နယ်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး သဲဖြူတောရဓမ္မရိပ်သာနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ကျောင်းတိုက်များသို့ သင်္ကန်းများလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍မိန့်ကြားကာ သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများက သင်္ကန်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သဲဖြူတောရဓမ္မရိပ်သာနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယက ဆရာတော်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်း၊ ဆွမ်းဆန်တော်၊ ပဲနှင့် နဝကမ္မအလှူငွေများကို လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို လည်းကောင်း၊ ယာယီနေရပ်စွန့်ခွာစုရပ်များမှ ပြည်သူများအား ဆန်၊ ပဲနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း လှူဒါန်းသည်။

ဆက်လက်၍ စစ်တွေမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသူများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ယင်းနောက် ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ စေတီတော် ရင်ပြင်တော်၌ တည်ထားပူဇော်လျက်ရှိ သည့် မာရဝိဇယဆင်းတုတော်၊ အဘယရာဇမုနိ ဆင်းတုတော်နှင့် ရှေးဟောင်းသမိုင်းဝင် အောင်စင်္ကြာမုနိဆင်းတုတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လောကာနန္ဒာစေတီ တော်ရင်ပြ၌ နေပူခံကျောက်ပြားများ ခင်းကျင်းထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များက ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်ပြီး နဝကမ္မအလှူငွေများလှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီးက တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)