ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တိပိဋကဓရတိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တိပိဋကဓရတိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို





ရန်ကုန်၊ ဇန်နဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။

အာဂုံပြန်ဆိုပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ၃ ရက်ပြန် ၁ ရက်နား စနစ်ဖြင့် (၁၈) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ စာရင်းသွင်း ၂၆၁ ပါးအနက် လုံးဝမပြန်ဆို ၇၁ ပါး၊ ပြန်ဆိုစဉ်ပျက် ၃၅ ပါး၊ အစအဆုံးပြန် ၁၅၅ ပါးတို့ အာဂုံပြန်ဆိုပြီးစီးခဲ့သည်။

တိပိဋကဓရတိပိဋကကောဝိဒရေးဖြေစာမေးပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အာရုံပြန်ဆိုပြီးစီးသည့် ဆရာတော်များအားအာဂုံအောင်စာရင်း ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် ကမ္ဘာအေးကုန်းရှိ ပုဗ္ဗ၀ိဒေဟကျောင်းဆောင် မြေညီထပ်ရှိ ဓမ္မသုခအစည်းအဝေးခန်းမ၌ ကျင်းပရာတိပိဋကဓရတိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး ၉ ပါးကြွရောက် ချီးမြှင့်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဌသင်္ဂါယနာတင်သာသနာ့သမိုင်းဝင် ပုဗ္ဗဝိဒေဟကျောင်းဆောင်အပရဂေါယာန ကျောင်းဆောင်ဇမ္ဗူဒီပ၊ ကျောင်းဆောင်နှင့် ဥတ္တရကုရုကျောင်းဆောင်များ အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်းများ (Phase11) ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ရှိသူများက ကျောင်းဆောင်ကြီး လေးဆောင်အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်း (Phase11) ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်ကြီးလေးဆောင်သည် ဆဋ္ဌသင်္ဂါယနာတင်စဉ်ကပင် ဆောက်လုပ်ခဲ့သော သမိုင်းဝင်အဆောက်အအုံများဖြစ်သဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာတော်ကြီးများ သီတင်းသုံးမည့် အခန်းများနှင့် ကျောင်းဆောင်ကြီးများကို အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ပစ္စည်းများကိုသာ အသုံးပြုဆောင်ရွက်ရန် မှာကြားသည်။

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင်များဖြစ်ကြသည့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ဆရာတော်ကြီးများ သီတင်းသုံးသည့် ကျောင်းဆောင်ကြီးလေးဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ သိမ်တော်ကြီးသံဃာ့ဆေးရုံတော်၊ ပုံနှိပ်တိုက်တို့အနက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ၂၀၂၄-၂၀၅ ဘဏ္ဍာရေးနှစ်တွင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးကိုလည်းကောင်း ဒုတိယအဆင့်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သံဃာတော်များ သီတင်းသုံးသည့် ကျောင်းဆောင်ကြီးလေးဆောင်ဖြစ်သည့် ပုဂ္ဂိဒေဟကျောင်းဆောင်၊ အပရဂေါယာနကျောင်းဆောင်၊ ဇမ္ဗူဒီပကျောင်းဆောင်၊ ဥတ္တရကုရုကျောင်းဆောင်ကြီး လေးဆောင်တို့ကို ပြုပြင်မွမ်းမံလျက်ရှိရာ မတ်လအတွင်းပြီးစီးမည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သုံးထပ်ဆွမ်းစားဆောင်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံသွားမည်ဖြစ်သည်။

သံဃာတော်များ သီတင်းသုံးသည့် ကျောင်းဆောင်ကြီးလေးဆောင်သည်မူလမပြုပြင်မီက ဆရာတော်သံဃာတော်များ သီတင်းသုံးတော်မူရာ၌ ကုဋီ၊ ရေချိုးခန်းများကို အဆောင် ဝဲ၊ ယာ တစ်ဖက်စီတွင် စုပေါင်းအသုံးပြုကြရပြီး ယခုပြန်လည်ပြင်ဆင်ရာတွင် မူလအခန်း ၃ ခန်းကို ၂ ခန်းအဖြစ် ပြန်လည်ဖွဲ့စည်း၍ သီတင်းသုံးရာအိပ်ခန်း၊ ကုဋီ၊ ရေချိုးခန်းနှင့် Air Con များ တပ်ဆင်ပြုပြင်ပေးမှုကြောင့် ဆရာတော်သံဃာတော်များ စိတ်ချမ်းမြေ့စွာသာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြည့်စုံစွာ စီမံထားရှိပြီး ယခုအခါတိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကျင်းပပြုလုပ်ချိန်ဖြစ်၍ တိပိဋကဩဝါဒါစရိယဆရာတော်ကြီးများ၊ စာ​ထောက်စာမဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်များ စိတ်ချမ်းမြေ့စွာ စတင်သီတင်းသုံးတော်မူလျက်ရှိကြောင်း သတင်းရရှိသည်။


​အောင်မြင့် 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)