မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုတွေကို အမြစ်ဖြတ်တော့မလား - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုတွေကို အမြစ်ဖြတ်တော့မလား

(နံပါတ်တစ်အနေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေကို အမြစ်ပြတ်အောင် တိုက်ဖျက် ရှင်းလင်းတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ Must Win မဖြစ်မနေ အောင်နိုင်ရမည်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ထားပြီး ဆောင်ရွက်နေပါတယ်။ နံပါတ်နှစ် အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် အသေးအဖွဲကအစ Zero Tolerance လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ နံပါတ်သုံးအနေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ Total War on Drug မူးယစ်ဆေးဝါးကို အလုံးစုံစစ်ပွဲပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။)


မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ၂၄-၁-၂၀၂၅ ရက်နေ့က ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်မှာ ကျင်းပခဲ့ပါတယ်။

လူထုကြားမှာ မူးယစ်ဆေးဝါးပျံ့နှံ့နေမှု၊ လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ အခြေအနေကို တာဝန်ရှိသူများလည်းသိ၊ ပြည်သူများလည်း သိကြပါတယ်။ အဆိုးဆုံးအခြေအနေကို ပြောရရင် တက္ကသိုလ်များမှာ ကျောင်းသားများကိုပါ ဂိုဏ်းဖွဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ချိမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေနဲ့ ပတ်သက်လို့ ယခင်အစိုးရလက်ထက်မှာ စာရေးသူထံကို သတင်းတစ်ခု ရောက်လာခဲ့ပါတယ်။ ကိုယ့်မိတ်ဆွေနဲ့ ဆက်စပ်ပစ္စည်း ကျောင်းသားမိဘတစ်ယောက် က မိတ္ထီလာနည်းပညာတက္ကသိုလ်မှာ မူးယစ်ဆေးဝါး ဖြန့်ချိနေတဲ့အကြောင်း၊ နည်းပညာတက္ကသိုလ်တက်နေတဲ့ သူ့သားမှာလည်း မူးယစ်ဆေးစွဲနေပြီဖြစ်ကြောင်း သတင်းပေးပို့လာခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက တာဝန်ရှိသူတွေ အချိန်မီထိန်းသိမ်းနိုင်ဖို့ ကိုယ်တိုင်စာရေးသားပြီး တင်ပြပေးခဲ့ဖူးပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ စိစစ်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိနေမှုက စဉ်ဆက်မပြတ် ဖမ်းဆီးနေသော်လည်း လျော့ကျသွားတဲ့ အခြေအနေမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် စဉ်ဆက်မပြတ် ထုတ်လုပ်မှုအားကောင်းနေလို့ပါပဲ။

လက်ရှိအစိုးရလက်ထက်မှာ AA အကြမ်းဖက်အဖွဲ့က သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာ နည်းတာမှ မဟုတ်ဘဲ။ အခြားသော မှောင်ခိုသယ်ယူ ရောင်းချမှုတွေလည်း မကြာခဏ ဖမ်းဆီးရမိနေတာပဲ ဖြစ်ပါတယ်။ ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် ထုတ်လုပ်တဲ့နေရာများကို ဖော်ထုတ်တားဆီးနိုင်ခြင်းမရှိဘဲနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု လျော့ကျသွားဖို့ဆိုတာ မျှော်လင့်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ၁၄-၁-၂၀၂၆ ရက်နေ့က ပထမအကြိမ် ကျင်းပခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးရမိမှုအခြေအနေကို မြင်တွေ့လိုက်ရတော့မှပဲ ကိုင်းဖျားကိုင်းနားကို မခုတ်ဘဲ ပင်စည်ကို ခုတ်လှဲတော့မယ့် အခြေအနေကို တွေ့မြင်လာရပါတယ်။ ခေတ်အဆက်ဆက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ သယ်ဆောင်ဖြန့်ဖြူးရောင်းချတာကိုပဲ စိစစ်ဖမ်းဆီးခဲ့တာမျိုးဖြစ်ပါတယ်။ ဘယ်တုန်းကမှ ထုတ်လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို မဟန့်တားနိုင်ခဲ့ပါဘူး။

ယခုလို မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေကို ဖော်ထုတ်ရှင်းလင်းခြင်းအားဖြင့် မူးယစ်ဆေးကြောင့် ဆုံးရှုံးနေရတဲ့ လူသားအရင်းအမြစ်များစွာကို ကယ်တင်ပြီးသားဖြစ်သွားပါပြီ။ နောက်တစ်ချက်ကတော့ လူငယ်တွေကို ပစ်မှတ်ထားပြီး ကျောင်းတွေမှာပါ မူးယစ်ဆေးဝါး ဖြန့်ချိနေတာတွေကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသားများကြားမှာလည်း မူးယစ်ဆေးဝါးကြောင့် ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ လူထုကြားမှာလည်း လွယ်လင့်တကူ မရနိုင်တော့တဲ့အခြေအနေကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုဟာ အတိုင်းထက်အလွန် လျော့ကျသွားမှာ ဖြစ်ပါတယ်။

၁၄-၁-၂၀၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည့် အနေအထားကို ဦးစွာရှင်းလင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်ပြီး အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အထူးအလေးထားပြီး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ခေတ်အဆက်ဆက်အစိုးရသည်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်လျှင် မိမိတို့ ပြည်သူနှင့်လက်တွဲပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ဆက်လက်ပြီး မိမိတို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ မိမိတို့နိုင်ငံနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်လိုအပ်သည့် အကူအညီများရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း များကို မိမိတို့နိုင်ငံ စွမ်းအားရှိသလောက် တစိုက်မတ်မတ်အထူး အလေးထားပြီးဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် ပြောကြားလိုကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့နိုင်ငံတစ်နိုင်ငံတည်း သက်ဆိုင်သည့်ပြဿနာမဟုတ်ကြောင်း၊ နိုင်ငံအားလုံးနှင့်သက်ဆိုင်သည့် ပြဿနာကြီးဖြစ်ကြောင်း၊ ကမ္ဘာ့လူသားမျိုးနွယ်စုအားလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်သော်လည်း ယင်းအပေါ်တွင် တချို့အဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံရေးဝါဒအစွဲများနှင့် ယင်းအစွဲများကိုအခြေခံပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းကိုလည်း စိတ်မကောင်းဖွယ်ရာတွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး စဉ်ဆက်မပြတ် မိမိတို့ပေးထားသည့်ကတိများအတိုင်း ဆက်လက်ပြီးလုပ်ဆောင်သွားမည်ဟု ထပ်လောင်းကတိပြုပြောကြားလိုကြောင်း ပြောကြားခဲ့ပါတယ်။

၂၄-၁-၂၀၂၆ ရက်နေ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျွန်တော့်အနေနဲ့ ပထမဦးဆုံးပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ EAOs တွေနဲ့ပတ်သက်ပြီးပြောလိုပါတယ်။ EAOs တွေဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေစတင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီပေါ့ ဗျာ။ ဒီ EAOs တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အပြည့်အဝအောင်မြင်မှုမရသေးပါဘူး။ ဒီအောင်မြင်မှုမရရှိတဲ့အကြောင်း အရင်းထဲမှာလည်း အဓိကပါဝင်တဲ့ အကြောင်းအရင်းက မူးယစ်ဆေးဝါးပါပဲ။ မူးယစ်ဆေးဝါးနဲ့ တရားမဝင်လုပ်ငန်းတွေပဲ။ သူတို့ကတော့မျိုးစုံပြောကြမှာပဲ။ သံတမန်တွေရော၊ စစ်သံမှူးတွေရော၊ တက်ရောက်လာကြတဲ့မီဒီယာတွေ ခင်ဗျားတို့သိမှာပဲ။ လူမျိုးရေး၊ အမျိုးသားရေး၊ နိုင်ငံရေးစသဖြင့် သူတို့မျိုးစုံ အကြောင်းပြတာပဲ။ ဒါပေမယ့်တကယ့်မြေပြင်မှာ လက်တွေ့လုပ်နေတာကတော့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး အဲဒီလုပ်ငန်းတွေက ဝင်ငွေရရှိတယ်။ အဲဒီဝင်ငွေတွေနဲ့ လက်နက်ဝယ်တယ်။ လက်နက်ဝယ်ပြီး အဲဒီငွေတွေနဲ့ပဲ အာဏာထူထောင်တယ်။ သူတို့အနေနဲ့ ပြယုဂ် ကောင်းအောင် လူမျိုးရေး၊ လွတ်မြောက်ရေးစသဖြင့် အကြောင်းပြတာဖြစ်မယ်။ တကယ့်လက်တွေ့ လုပ်ငန်းတွေမှာတော့ ဒါတွေပဲ လုပ်နေတာဖြစ်တယ်။ ဒါကြောင့် EAOs အမည်ခံ လက်နက်ကိုင်တချို့အတွက် အဓိကဝင်ငွေရတဲ့လုပ်ငန်းသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်ပြီး သူတို့တွေက ဒါကိုလုံးဝ လက်မလွှတ်နိုင်တဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မူးယစ်ဆေးဝါးဆိုတာ တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး တိုက်ဖျက်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဘယ်လိုတိုက်ဖျက်ခဲ့တယ်ဆိုတာကို မူးယစ်ဆေးဝါးရဲ့ သမိုင်းကြောင်းကအစပြုပြီး ကျွန်တော်ဒီနေ့မှာ အနည်းငယ်ပြောလိုပါတယ် ဟု ရှင်းလင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးရောက်ရှိလာပုံ သမိုင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်း ပြောကြားသွားပါသေးတယ်။ "မူးယစ်ဆေးဝါးဆိုတာ ယခင်ကကျွန်တော်တို့ နိုင်ငံမှာ မရှိခဲ့ပါဘူး။ သမိုင်းဆိုင်ရာဖော်ပြချက် တွေအရ ၁၆ ရာစုမှာ ပေါ်တူဂီလူမျိုးတွေက မြန်မာနိုင်ငံကို စတင်ရောက်ရှိလာပြီး ပဲခူးမြို့မှာ ဘိန်းအရောင်းအဝယ်လုပ်ခဲ့ကြောင်းကို မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ၁၇ ရာစုက ဒတ်(ချ်) ကုမ္ပဏီရဲ့ မှတ်တမ်းမှာလည်း မလ္လကာမြို့က ဘိန်းတွေကို ယိုးဒယားနိုင်ငံကို ပို့ဆောင်ဖို့အတွက် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းမှတစ်ဆင့် ယူဆောင်ခဲ့ကြကြောင်းနဲ့ ပဲခူးဆိပ်ကမ်းမှာ ဘိန်းတွေ စတင်ရောင်းချခဲ့ကြောင်းကို တွေ့ရပါတယ်။ ဒါတွေကတော့ သမိုင်းဆိုင်ရာ အထောက်အထားဓာတ်ပုံတွေ ဖြစ်ပါတယ်။ ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ ဗြိတိသျှတို့က ရခိုင်နဲ့တနင်္သာရီဒေသတွေကို ဘိန်းတွေတင်သွင်းလာခဲ့တယ်။ ပထမပိုင်းမှာ ဗမာလူမျိုးတွေက ဘိန်းမရှူတတ်၊ မစားတတ်သေးတဲ့ အချိန်မှာ အခမဲ့ပေးတယ်။ ဘိန်းသုံးစွဲပုံ၊ ရှူပုံရှူနည်း တွေပြပေးတာတို့၊ လိုင်စင်ရဘိန်းခန်းတွေကို ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ပေးတာတို့ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ နယ်ချဲ့ဗြိတိသျှတို့က ရခိုင်နဲ့ တနင်္သာရီ ကို မြန်မာနိုင်ငံအတွက် ဘိန်းဓလေ့သွတ်သွင်းရေး မဟာဗျူဟာအရ ပရိယာယ်အမျိုးမျိုးနဲ့ တင်သွင်း ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘိန်းတင်သွင်း ရောင်းဝယ်ဖြန့်ဖြူးခွင့်လိုင်စင်တွေလည်း သူတို့အတွက် အခွန်များစွာရရှိစေခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမြောက်ပိုင်း ချင်းတွင်းဒေသ၊ ချင်းတောင်ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသတွေဆီကို အာသံပြည်နယ်က ဘိန်းမျိုးစေ့တွေရောက်ရှိလာတာကနေ ဘိန်းခင်းတွေ စတင်ပြန့်ပွားလာတာ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကချင်တောင်တန်းဒေသတွေမှာလည်း တရားဝင်ဘိန်းစိုက် ခွင့်ပြုခဲ့တဲ့အပြင် ဘိန်းခန်းတွေဖွင့်ပြီး ဘိန်းရှူတာကို မှတ်ပုံတင်နဲ့ခွင့်ပြုခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်မှာ သံလွင်မြစ်အရှေ့ ဘက်ကမ်းဒေသတွေမှာလည်း ဘိန်းကိုတရားဝင် စိုက်ပျိုးခွင့်ပေးထားခဲ့ပါတယ်။ ဗြိတိသျှအစိုးရက ဘိန်းသယ်ယူတာ၊ ရောင်းချတာတို့ကို သူတို့ ကိုယ်တိုင်လုပ်ပြီး ဘိန်းဆိုင်ပေါင်းနှစ်ရာကျော် ဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘိန်းရှူတဲ့သူနဲ့ ဘိန်းစားတဲ့ သူတွေကို တရားဝင်မှတ်ပုံတင်ထားပြီး ရောင်းချခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုဗြိတိသျှတွေဆီမှာ မှတ်ပုံတင်ထားတဲ့ ဘိန်းစားနဲ့ဘိန်းရှူသူပေါင်း လေးသောင်းကျော်ရှိခဲ့တာကို မှတ်တမ်းတွေအရ တွေ့ရှိခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်ပြည်မှာ တရုတ်လွတ်မြောက်ရေးတပ်မတော်က တရုတ်ဖြူ ကူမင်တန်တပ်တွေကို တိုက်ထုတ်တဲ့အခါ မြန်မာ နိုင်ငံထဲ ကူမင်တန်တပ်တွေ ကျူးကျော်ဝင်ရောက် လာချိန်မှာတော့ ကိုလိုနီဆိုးမွေအဖြစ်ကျန်ခဲ့တဲ့ ဘိန်းအနည်းငယ်သာ စိုက်ပျိုးတာကနေ သူတို့ကျူးကျော်ဝင်ရောက်ပြီးနောက်မှာ ဘိန်းအများဆုံးစိုက်ပျိုးတဲ့နိုင်ငံအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့ CIA က မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို အရေးနိမ့်ပြီး ရောက်ရှိလာတဲ့ ကူမင်တန်တရုတ်ဖြူ အကြွင်းအကျန်တွေကို ပြန်လည်စုဖွဲ့ပြီး တရုတ်ပြည်မရဲ့ တောင်ဘက်ပိုင်းကို ပြန်လည်တိုက်ခိုက် နိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ မိုင်းဆတ်မှာ CIA အကူအညီနဲ့ လေယာဉ်ကွင်းဖောက်လုပ်ပေးပြီး ခေတ်မီလက်နက်ခဲယမ်းတွေကို ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ မိုင်းဆတ်ကို ပို့ပေးခဲ့ပါတယ်။ အဲဒီလေယာဉ်တွေအပြန်မှာ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဘိန်းတွေကို တင်ဆောင်သွားခဲ့ပါတယ်။ ကူမင်တန်တွေက တရုတ်ပြည်မကြီးကို စစ်ရေးအရ မထိုးဖောက်နိုင်ဘဲ မြန်မာပိုင်နက်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နယ်မြေတွေကိုပဲ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ပြီး ဘိန်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ခဲ့ပါတယ်။ ဒေသခံတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး ဘိန်းသီးနှံအခွန်များ အဓမ္မကောက်ခံခဲ့တာကို တွေ့ရပါတယ်။ ဒေသခံတိုင်းရင်းသားတွေကိုလည်း အတင်းအဓမ္မ လက်ထပ်ယူခဲ့ပြီး ဘိန်းကုန်သွယ်လုပ်ငန်းကို လွယ်ကူလုံခြုံအောင် အထောက်အကူ ပြုစေခဲ့တာကိုလည်း တွေ့ရပါတယ်။ ကူမင်တန်တွေ ရှမ်းပြည်နယ်ကထွက်တဲ့ဘိန်းကို ထိုင်းနိုင်ငံမြောက်ပိုင်းကို တင်ပို့ပြီး ရောင်းချခဲ့ပါတယ်။ မြန်မာ့တပ်မတော်က တိုက်ထုတ်လိုက်လို့ ကူမင်တန်တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားပေမယ့် ဒေသခံဘိန်းစိုက်သူတွေကို ထိန်းချုပ်မြဲထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားတွေကို ကူမင်တန်တပ်ထဲကိုအဓမ္မသွတ်သွင်းပြီး လက်နက်တပ်ဆင်ထားနိုင်တဲ့အတွက် ဘိန်းထုတ်လုပ်မှုကို အဆပေါင်းများစွာ တိုးတက်ထုတ်လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ အဲဒီခေတ်က တစ်နှစ်ကို ဘိန်းတန် ၄၀ ထုတ်တာကနေ ၁၉၆၂ ခုနှစ်လောက်မှာတော့ တန်ချိန် ၄၀၀၀ အထိ ထုတ်လုပ်လာနိုင်တာကိုလည်း မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ကျန်တဲ့ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တွေကလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်ပြီး လက်နက်တွေနဲ့လဲလှယ်ခဲ့ပါတယ်။ အမှန်တကယ်ထိန်းချုပ်မှုကို ကူမင်တန်ကပဲ ထိန်းချုပ်တာဖြစ်ပါတယ်။ ဘိန်းစိမ်းတစ်ကီလို(၂၈) ဒေါ်လာနဲ့ သတ်မှတ်ရောင်းချခဲ့ပြီး လက်နက်တစ်လက်ကို ၁၂၉ ဒေါ်လာမှ ဒေါ်လာ ၁၅၀ အထိ ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူလဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာမြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးမသတ်ရခြင်းရဲ့ ရင်းမြစ်ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောလိုပါတယ်။ ကူမင်တန်တရုတ်ဖြူတွေ မြန်မာနိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်မှုဟာ နိုင်ငံအတွင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက် လာရုံမကဘဲ ပြည်တွင်းလက်နက်ကိုင်တွေအတွက် လူ၊ လက်နက်အင်အားဖြည့်တင်းရေးကိုပါ ကူညီ လုပ်ဆောင်ပေးပြီး သောင်းကျန်းမှုတွေကို မြေတောင် မြှောက်ပေးခဲ့တာဖြစ်ပါတယ်။" လို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ "တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးကို တစ်မျိုးသားလုံးလူညွန့်တုံးစေနိုင်ပြီး အမျိုးသားရေးအန္တရာယ်လို့သတ်မှတ်တဲ့အတွက် တစိုက်မတ်မတ် နှိမ်နင်းခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ အခုအချိန်မှလုပ်ခဲ့တာမဟုတ်ပါဘူး။ တပ်မတော်ရဲ့ ပထမဦးဆုံး ဘိန်းစစ်ဆင်ရေးကို ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးကျွန်တော်တို့ မိခဲ့တဲ့ဟာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ရဲ့ တောင်ဘက်ပန်ပိကျေးရွာအနီးမှာ ရှမ်းသောင်းကျန်းသူ (SURA)မိုးဟိန်းအဖွဲ့နဲ့ တရုတ်ဖြူလက်နက်ကိုင် အင်အား ၃၀၀ ကျော်တို့ဟာ ဘိန်းချက်စက်ရုံ ဆောက်လုပ်ပြီး ဘိန်းဖြူများထုတ်လုပ်ခဲ့ပါတယ်။ ဒါသည် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းချက်စက်ရုံဖြစ်ပါတယ်။ ဒါကဘိန်းချက်စက်ရုံ နေရာဖြစ်ပါတယ်။ ဒီဘိန်းချက်စက်ရုံကို စတင် နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးကတော့ ပန်ပိစစ်ဆင်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ အကြီးဆုံး ဘိန်းနှိမ်နင်းရေး၊ စစ်ဆင်ရေးများဖြစ်တဲ့ မိုးဟိန်း စစ်ဆင်ရေးကို အဆင့်(၁)ကနေ အဆင့်(၁၂)အထိ ဆောင်ရွက်ခဲ့ပါတယ်။ အချိန်ကာလကတော့ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ကနေ ၁၉၈၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီ စစ်ဆင်ရေးကာလအတွင်းမှာ တပ်မတော်သား ၆၉ ဦး နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး ၄၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသမိုင်းကြောင်းတွေကို ကျွန်တော်ပြန်ပြောနေရတာက ဘာလို့လဲဆိုတော့ EAOs များက စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရပ်တည်ခဲ့သလို အခု ထိလည်း လုပ်ကိုင်နေကြဆဲဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဟာ ငွေရအလွယ်ဆုံး နည်းလမ်းဖြစ်ပြီး အကာအကွယ်အတွက် တရားမဝင်လက်နက်ကိုင်တွေ လိုအပ်ပါတယ်။ တရားမဝင် လက်နက်ကိုင်အဖွဲ့များရဲ့ အဓိကတရားမဝင် စီးပွားရေးလုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ နံပါတ်တစ် မူးယစ်ဆေးဝါးလုပ်ငန်း၊ နံပါတ်နှစ်အနေနဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ တူးဖော် ခိုးထုတ်ခြင်းလုပ်ငန်းနဲ့ နံပါတ်သုံးအနေနဲ့ တရားမဝင်မှောင်ခိုကုန်သွယ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အကျယ်ပြန့်ဆုံး လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ လက်နက်ရှိတဲ့အတွက် အာဏာရှိတယ်၊ အာဏာရှိတဲ့အတွက် မူးယစ်ဆေးဝါးကို အကာအကွယ်ပေးတယ်၊ လုပ်တယ်၊ လုပ်တဲ့အတွက်ကြောင့် ငွေရရှိပြီး၊ ငွေရရှိတဲ့အတွက် လက်နက်ဝယ်ယူပြီး အာဏာကို ပိုပြီးတည်ဆောက်ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေကြတာဖြစ်ပါတယ်။ ဒီထဲမှာတော့ EAOs တချို့က ဒါတွေကို ယောင်ပြတိုက်ဖျက်သလိုလုပ်ပြီး နောက်ကွယ်မှာတော့ သူတို့ရဲ့ အသက်ဆက်ရေးလုပ်နေတာတွေ၊ တခြားသူတွေကို လုပ်ခိုင်းနေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဖိဖိစီးစီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၀ ရက်၊ ၁၁ ရက်တို့မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်များ အတွင်း မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက် လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာအမြောက်အမြားကို သိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများ သိမ်းဆည်းရမိမှုကိစ္စများနှင့် ပတ်သက်ပြီး ဒီမှာပဲ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်နေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နောက်ထပ် အဲ့နေရာမှာပဲ နေရာ ၁ ခု၊ ၁၆ ရက်နေ့မှာ နေရာ ၃ ခု၊ ၁၈ ရက်နေ့မှာ နေရာ ၃ ခု၊ ၁၉ ရက်နေ့မှာ နေရာ ၂ ခုနဲ့ ၂၀ ရက်နေ့မှာ နေရာ ၁ ခုစတဲ့ နေရာတွေကို မူးယစ်‌ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ ထပ်မံသိမ်းဆည်း နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ အဲဒီနေရာတစ်ဝိုက်မှာရှိတဲ့ SSPP/SSA လက်နက်ကိုင် အဖွဲ့ရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ စခန်းပေါ်မှာ SSPP/SSA များ နေထိုင်တဲ့ လူနေ အဆောက်အအုံတွေ၊ မြေစိုက်သစ်လုံးဘန်ကာတွေ၊ အရှည်ပေ ၃၀၀ ခန့် ရှိတဲ့ဆက်သွယ်ရေးမြောင်းတွေ၊ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲတွေ ကျွန်တော်တို့ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အစိုးရ ရဲ့ မူဝါဒများကို ပြောကြားပါမယ်။ နံပါတ်တစ်အနေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေကို အမြစ်ပြတ်အောင် တိုက်ဖျက် ရှင်းလင်းတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ Must Win မဖြစ်မနေ အောင်နိုင်ရမည်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ထားပြီး ဆောင်ရွက်နေပါတယ်။ နံပါတ်နှစ် အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် အသေးအဖွဲကအစ Zero Tolerance လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ နံပါတ်သုံးအနေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ Total War on Drug မူးယစ်ဆေးဝါးကို အလုံးစုံစစ်ပွဲပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်လေးအချက်အနေနဲ့ကတော့ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအကြားမှာ ဆက်နွှယ်ပတ်သက် နေတာဖြစ်တဲ့အတွက် Narco - terrorism မူးယစ်ဆေးဝါးအကြမ်းဖက်မှုအဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ချေမှုန်းသွားမှာဖြစ်ပါတယ်။ နံပါတ်ငါး အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုရဲ့ ကောင်းရာကောင်းကျိုး အကျိုးစီးပွားကို လိုလားတဲ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ Engage and Cooperate ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု ပြည့်စုံစွာ ချပြပြောဆိုသွားခဲ့ပါပြီ။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒါကြောင့် ကျွန်တော့်အနေနဲ့ မိဘပြည်သူများကို ပြောကြားလိုတာကတော့ မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်စုတစ်ခုလုံး ရင်ဆိုင်နေရသည့် ပြဿနာဖြစ်တယ်ဆိုတာကို သတိပြုကြဖို့လိုပါ တယ်။ ဒေသခံတိုင်းရင်းသား၊ ယခုရောက်ရှိနေသည့် မီဒီယာ၊ ဒေသခံမီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသော လူမှုအဖွဲ့အစည်းများ အားလုံးသည် အစိုးရအတွက်အခြေခံကျတဲ့ သတင်းအရင်းအမြစ်များဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သတင်းရရှိရင် တာဝန်ရှိသူတွေဆီကို အချိန်မီ သတင်းပို့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဖြစ်စဉ်တွေမှာ အဓိကပါဝင်ပတ်သက်လျက်ရှိတဲ့မည်သည့် အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျွန်တော် တို့အနေနဲ့ အလေးအနက်ပြောကြားလိုပါတယ်" ဟု ဆိုပါတယ်။

မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ လူငယ်၊ လူရွယ်တွေရဲ့ မိသားစုဝင်တွေက ပိုသိပါလိမ့်မယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း ရဲ့ရှင်းလင်းတိကျ ပြတ်သားတဲ့ ပြောဆိုချက်များကို တွက်ဆကြည့်မယ့်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် လို့ အမည်ခံထားတဲ့ အဖွဲ့အစည်းများဟာ ဒီမူးယစ်ဆေးဝါးနဲ့ ကိုယ်ကျိုးရှာပြီး မူးယစ်ဆေးဝါးနဲ့ ပြည်သူလူထုကို လူညွန့်တုန်းအောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တာကို သိမြင်နားလည်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုကို ခုတုံးလုပ် အမျိုးသားရေး၊ လွတ်မြောက်ရေးလို့ အသံကောင်းဟစ်နေသူများရဲ့ သရုပ်မှန်ကို တွေ့မြင်လိုက်ရတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ရှေ့ခရီးမှာ အနှောက်အယှက်အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းမယ်ဆိုရင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဟာ ကိုင်းဖျားကိုင်းနားကို ခုတ်နေရုံနဲ့ မရတော့ဘဲ ပင်စည်ကိုခုတ်၊ ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းလင်းဆောင်ရွက်ပေးသွားမယ်ဆိုရင် တိုင်းပြည်အတွက် မင်္ဂလာ၊ မျိုးဆက်သစ်လူငယ်တွေအတွက် မင်္ဂလာ၊ ငြိမ်းချမ်းရေးအတွက် မင်္ဂလာ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နိုင်ငံတော်သစ်ဆီသို့ ချီတက်နိုင်မှာ မလွဲဧကန်ပါ။


နောင်တော်လေး (ဘိုကလေး)

#MNP #News #Election


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)