Pages
▼
Pages
▼
(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
လွိုင်ကော် ၊ ဇန်နဝါရီ ၂၃
(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ကိုယ်ကျိုးမဖက်ဘဲ မိမိတို့ကျရာကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာစွမ်းဆောင်ခဲ့ကြသူများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးကြားမှ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များနှင့် ပြည်သူများက လက်တွဲညီညီကြိုးပမ်းခဲ့သည့်အတွက် ယခုအချိန်တွင်တည်ငြိမ်အေးချမ်းမှုကို ရရှိခံစားနေပြီဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရရှိပြီးဖြစ်သည့် တိုးတက်မှု အခွင့်အလမ်းကောင်းများကို ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးအဖွဲ့ဝင်များက ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးကဏ္ဍများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းပြိုင်ပွဲတွင် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်းနှင့် ဌာနဆိုင်ရာပြခန်း (၁၈) ခန်းမှ အကောင်းဆုံး ပြခန်းဆု ရရှိသူများနှင့် အထူးဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ ဒုတိယဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပြခန်းနှင့် တတိယဆုရရှိသည့် မီးသတ်ဦးစီးဌာနပြခန်းများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ က စတုတ္ထဆု၊ ပဉ္စမဆုနှင့် အထူးဆုရရှိခဲ့ကြသည့် ပြခန်းများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား မြို့နယ်ခန်းမ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားတွင် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (၄၉)ဦး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု(၂၅)ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု (၄)ဦး၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆု (၃) ဦး၊ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာထူးချွန်ဆုရရှိသူ(၄)ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံရသူ (၇၆)ဦး၊ ဆီးဂိမ်းဆုရအားကစားသမား (၄) ဦး စုစုပေါင်း (၁၆၅)တို့အား ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment