ရန်ကုန်မြို့ အမျိုးသားရေးလူထုဆန္ဒထုတ်ဖော်ပွဲကြီး က ( ICJ ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent of Myanmar) နှင့်အတူ ပြည်သူများက တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ အမျိုးသားရေးလူထုဆန္ဒထုတ်ဖော်ပွဲကြီး က ( ICJ ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent of Myanmar) နှင့်အတူ ပြည်သူများက တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာ











ရန်ကုန်၊ ဇန်နဝါရီ ၂၇

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) က ဦးဆောင်၍ အခြားသော အမျိုးသားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် တရားမျှတမှုကို အလိုရှိကြသူများ တက်ရောက်သည့် အမျိုးသားရေးလူထုဆန္ဒထုတ်ဖော်ပွဲကြီးမှ အောက်ဖော်ပြပါအတိုင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) ၌ သွားရောက်ဖြေရှင်းနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent of Myanmar) နှင့်အတူ ပြည်သူများက တစ်သားတည်းရပ်တည်လျက်ရှိပါသည်။

၂။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေများ၏ တိကျခိုင်မာသော ချေပလျှောက်လဲမှုများသည် ဂမ်ဘီယာနိုင်ငံ၏ မတရားစွပ်စွဲမှုများကို အချက်ကျကျ ဖြေရှင်းလျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရသဖြင့် မြန်မာပြည်သူလူထုက အားရကျေနပ်လျက်ရှိကြပါသည်။

၃။ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တင်ပြသော အချက်အလက်များသည် အခြေအမြစ်မရှိသော သာမန်အချက်အလက်များသာဖြစ်ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ၏ တစ်ဖက်သတ် ရေးသားထားသည့် အချက်အလက်များဖြစ်သဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ထင်ရှားနေပေသည်။

၄။ ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်အတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးပြုလုပ်ခြင်းဖြစ်သဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ခြင်းမရှိဟု မိမိတို့အနေဖြင့် အစဉ်တစိုက် ရှူမြင်သည်။ 

၅။ အပြည်ပြည်ဆိုင်ရာတရားရုံးသည် နိုင်ငံများအချင်းချင်း ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ကြီးလေးသောတာဝန်တစ်ရပ်ကို ထမ်းဆောင်နေရခြင်းအပေါ် ဂမ်ဘီယာနိုင်ငံသည် နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချကာ မြန်မာနိုင်ငံအား မဟုတ်မမှန်စွပ်စွဲခြင်းဖြစ်သည့်အတွက် ဂမ်ဘီယာနိုင်ငံ၏ အမှုပွဲစားလုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှူတ်ချသည်။ 

၆။ မြန်မာ့တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် အကြမ်းဖက်သောင်းကျန်းမှုများကို နှိမ်နင်းပေးရန် တာဝန်ရှိသည့်အလျောက် တိုင်းရင်းသားများသာမက တိုင်းရင်းသားမဟုတ်သည့် လူမျိုးများကိုလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အမိုးအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန် ARSA အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်၍ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း ထင်ရှားနေပေသည်။

၇။ ဂမ်ဘီယာနိုင်ငံနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများသည် လူမျိုးသုဉ်းစေသည်ဟူသော မတရားစွပ်စွဲမှုကို အသုံးချကာ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမဟုတ်သူများကို ၎င်းတို့အလိုရှိရာ အမည်နာမတပ်၍ တိုင်းရင်းသားဟု သတ်မှတ်နိုင်ရေး၊ တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အခါ နိုင်ငံသားအဖြစ် အလိုအလျောက်သတ်မှတ်ပေးရေး၊ သီးခြားလွတ်လပ်သောနယ်မြေတစ်ခုပမာ စိုးမိုးလွှမ်းမိုးနိုင်ရေး လုပ်ဆောင်နေသည်ဟု မိမိတို့ကရှူမြင်သဖြင့် လူမျိုးသုဉ်းစေမှုဆိုင်ရာကွန်ဗင်းရှင်းနှင့် မစပ်ဆိုင်သည့် မြန်မာ့အချုပ်အခြာအာဏာထိပါးမှုသာ ဖြစ်သဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် ကာကွယ်သွားကြရန် တာဝန်ရှိကြောင်း ရှုမြင်သည်။

၈။ ယနေ့ ကျင်းပသော အမျိုးသားရေးလူထုဆန္ဒထုတ်ဖော်ပွဲကြီးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါဘဲ ကိုယ်စီကိုယ်စီ အသီးသီးသော ပြည်သူတစ်ယောက်ချင်းစီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် လာရောက်စုဝေးကြခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသူများနှင့် မတက်ရောက်နိုင်သော်လည်း အဖက်ဖက်မှ ဝန်းရံအားပေးထောက်ခံကြသူများကို လေးစားစွာ အသိအမှတ်ပြုသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)